ရန်ကုန် ၂၄ စက်တင်ဘာ
“အောင်ဆန်း” ရုပ်ရှင်ကို လာမည့် စက်တင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၌ စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး မန္တလေး၊ အင်းဝ၊ နက်မောက်မြို့တို့တွင် ဆက်လက်ရိုက်ကူးသွားမည် ဖြစ်ကြောင်း အဆိုပါရုပ်ရှင်ကို ရိုက်ကူးမည့် ဒါရိုက်တာ အကယ်ဒမီ ဦးလူမင်း ပြောသည်။
ဒါရိုက်တာ အကယ်ဒမီ ဦးလူမင်းက “အခုလာမယ့် ၃၀ ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာပါ။ ပထမဆုံး Location အနေနဲ့ အခုလာမယ့် ၃၀ ရက်နေ့ကတော့ ရန်ကုန်မှာပဲ၊ အမျိုးသားပြတိုက်မှာ စရိုက်သွားမှာပါ။ ပြီးသွားရင်တော့ မန္တလေး၊ အင်းဝ၊ နက်မောက်တို့မှာရိုက်မယ်။ နိုင်ငံခြားရိုက်ကူးရေးတွေအတွက် ကွန်ပျူတာ Graphic လုပ်သွားမယ်။ တချို့ရဲဘော်သုံးကျိပ် လေ့ကျင့်တဲ့ ဟိုင်နန်ကျွန်းလိုနေရာမျိုးကိုတော့ ကျွန်တော်တို့ဆီမှာပဲ တူညီတဲ့နေရာ၊ Location တွေ ကိုရွေးချယ်ထားပါတယ်။ အဲဒီနေရာမှာပဲ Setting လုပ်ပြီးတော့ ရိုက်ကူးသွားမှာဖြစ်ပါတယ်´´ ဟုပြောသည်။
ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Hotel ၌ကျင်းပသည့် “အောင်ဆန်း” ရုပ်ရှင်စတင်ရိုက်ကူးသည့် အခမ်းအနားအပြီး ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“အောင်ဆန်း” ရုပ်ရှင်စတင်ရိုက်ကူးမှုနှင့် ပတ်သက်၍ ရိုက်ကူးမှု အစီအစဉ်၊ ရွေးချယ်ထားသော သရုပ်ဆောင်များကို မီဒီယာများမှတဆင့် ပရိတ်သတ်များ သိရှိနိုင်စေရန် ရည်ရွယ်ကာ ဒါရိုက်တာ ဦးလူမင်း၊ ပါဝင်သရုပ်ဆောင်ကြမည့် သရုပ်ဆောင်များနှင့် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်သူများက အဆိုပါတွေ့ဆုံပွဲကို ပြုလုပ်ခြင်း ဖြစ်သည်။
တွေ့ဆုံပွဲတွင် ဒါရိုက်တာ ဦးလူမင်းက “အောင်ဆန်း” ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ကြမည့် သရုပ်ဆောင်များနှင့် ၎င်းတို့၏ဇာတ်ဆောင်မှု အပိုင်းများကို မိတ်ဆက်ပြောကြားရာ “ဒီနေရာမှာ ထူးထူးခြားခြား ကြေညာစရာတစ်ခုရှိတာကတော့ ဂဠုန်ဦးစောနေရာပါ။ ဒီနေရာက ဇာတ်ကားတစ်ခုလုံးရဲ့ အလွန်အရေးကြီးတဲ့ ဇာတ်ဆောင်နေရာဖြစ်ပါတယ်။ သူ့နေရာကိုတော့ ဂဠုန်ဦးစောရဲ့မြစ်အရင်းဖြစ်တဲ့ ဇော်ဇော်ပိုင်က သရုပ်ဆောင်မှာဖြစ်ပါတယ်”ဟုပြောသည်။
ထို့အပြင် သရုပ်ဆောင်ရွေးချယ်မှု အပိုင်း၊ စတင်ရိုက်ကူးသွားမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် ဒါရိုက်တာ အကယ်ဒမီ ဦးလူမင်းက Casting ဒါရိုက်တာ အလင်္ကာကျော်စွာ အကယ်ဒမီ ပန်းချီစိုးမိုးက သမိုင်းမှတ်တမ်း အထောက်အထားများအရ ရွေးချယ်ပေးထားသည့် သမိုင်းထဲက သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများနှင့် ရုပ်ဆင်တူသည့် သရုပ်ဆောင်များပါဝင်ကြောင်း၊ ယခုရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရန် အချိန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ တကယ်ရိုက်ကူးသည့် အခါတွင်လည်း အမြန်ဆုံးရိုက်ကူးပြီးစီးရန်နှင့် ဘဏ္ဍာငွေနည်းကျဉ်းလို့ ချုံ့လိုက်ရသည့် သဘောမျိုး မဖြစ်စေဘဲ အရည်အသွေးကောင်းမွန်စွာ ရိုက်ကူးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ထားမှုများရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း ယင်းရည်ရွယ်ချက် အတိုင်းပင်ရှိကြောင်း၊ ရိုက်ကူးရေးကော်မတီ ဥက္ကဋ္ဌဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ကလည်း ဘဏ္ဍာငွေလိုအပ်မှုမျိုးဖြစ်လျှင် လိုအပ်သလောက်ကို ရှာဖွေပေးဖို့ ကတိခံထားပြီးဖြစ်သည့်အတွက် အရည်အသွေး အကောင်းဆုံးဖြစ်ရန်နှင့် မိမိတို့မျှော်မှန်းထားသည့် အတိုင်းရာနှုန်းပြည့်အောင်မြင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ဇာတ်လမ်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရိုက်ကူးခြင်းဖြစ်သည့်အတွက် အဓိကသရုပ်ဆောင်မှာ ကျော်ကျော်မျိုး ဖြစ်ကြောင်း၊ ပါဝင်သည့် အနုပညာရှင် ညီအကို မောင်နှမများအနေဖြင့် ဗိုလ်ချုပ်ကိုချစ်သည့် စိတ်ဖြင့် ယခုရုပ်ရှင်ဇာတ်ကားကြီးတွင် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းအား ဖြည့်ကူညီကြခြင်း ဖြစ်ကြောင်းရှင်းလင်း ဖြေကြားသည်။
ဂဠုန်ဦးစောနေရာတွင် ပါဝင်သရုပ်ဆောင်မည့် သရုပ်ဆောင်ကို ရွေးချယ်ခဲ့မှုနှင့် စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုအပေါ် ဒါရိုက်တာ ဦးလူမင်းက “ဂဠုန်ဦးစောနေရာမှာ သရုပ်ဆောင်မယ့် ဂဠုန်ဦးစောရဲ့ မြစ်ကိုယ်တိုင်က လာရောက်ကမ်းလှမ်းပြီးတော့ အဆိုပြုလွှာ လာတင်ခြင်းဖြစ်ပါတယ်။ အကိုတို့ဘက်က အကြိမ်ကြိမ် စဉ်းစားပါသေးတယ်။ ကာယကံရှင်မိသားစုအနေနဲ့ ဒီဘက်မျိုးဆက်မှာ ထိခိုက်မှုရှိနိုင်မလားဆိုတာကို အကြိမ်ကြိမ်စဉ်းစားဖို့ပြောပါတယ်။ သို့သော် ကာယကံရှင်ကိုယ်တိုင်က သူ့အဖိုးကိုယ်စား ဒီနိုင်ငံကို ပြန်ပြီးတော့ပေးဆပ်ချင်တယ်။ ဒီနိုင်ငံကိုပြန်ပြီးတော့ ကျေးဇူးပြုချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါဝင်ချင်တယ်လို့ ပြောဆိုလာတဲ့အတွက် ရွေးချယ်ရခြင်းဖြစ်ပါတယ်။ ကာရိုက်တာအရ၊ ရုပ်အရလည်းအင်မတန်တူတဲ့အတွက် ရွေးချယ်ရခြင်းဖြစ်ပါတယ်။ သူက အနုပညာလည်း အနည်းအကျဉ်းလုပ်ခဲ့ဖူးပါတယ်”ဟု ပြန်လည် ဖြေကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် “အောင်ဆန်း” ရုပ်ရှင်ရိုက်ကူးရေးနှင့် စပ်လျဉ်း၍ မည်သည့်အမှာအကြားမျိုးရှိသနည်းဟု မီဒီယာများက မေးမြန်းမှုအပေါ် ဦးလူမင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် မိမိတို့အား ယခုရုပ်ရှင်ကို အကောင်းဆုံးကြိုးစား ရိုက်ကူးရန်သာလမ်းညွှန်ကြောင်း၊ အနုပညာဖန်တီးမှု အပိုင်းတွင် ဝင်ရောက်စွက်ဖက်ခြင်း၊ လမ်းညွှန်ခြင်းနှင့် လွှမ်းမိုးခြင်းလုံးဝ မရှိကြောင်း၊ မိမိတို့အား လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်ပေးထားကြောင်း ပြန်လည်ဖြေကြားသည်။
“အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မှုအပိုင်း၊ ကြိုတင်ပြင်ဆင်မှုများနှင့်စပ်လျဉ်း၍ မီဒီယာများ၏မေးမြန်းမှုအပေါ် သရုပ်ဆောင် မင်းဦးက “ဒီကားထဲမှာကတော့ ကျွန်တော့အနေနဲ့ မန်းဘခိုင်နေရာက ပါဝင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပါဝင်ရတဲ့ အခန်းက ဒီဇာတ်ကားထဲမှာ သိပ်အများကြီး မဟုတ်ပေမယ့် ဘယ်နေရာကပါရပါရ ဝင်ပြီးတော့ အားဖြည့်ပေးတဲ့ သဘောပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်ပါဝင်ရမယ့် အခန်းကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်သွားမှာပါ” ဟု ပြန်လည်ဖြေကြားသည်။
အလားတူ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ပါဝင်သရုပ်ဆောင်မည့် အဓိကသရုပ်ဆောင် ကျော်ကျော်မျိုးက “ကျွန်တော်ကတော့ လုပ်မှဖြင့် အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ပြင်ဆင်ခဲ့ရတာလည်း ခုနစ်နှစ်၊ ရှစ်နှစ်ဆိုတော့ အချိန်ကတော်တော်ကြာသွားပြီ။ အခုတော့ တကယ်အလုပ်လုပ်ရမယ့် အချိန်ပါ။ ဒီအပေါ်မှာပဲနှစ်မြှုပ်ထားပါတယ်”ဟု ဖြေကြားသည်။
အဆိုပါရုပ်ရှင်ကို အပိုင်းအလိုက်ခွဲကာ ရိုက်ကူးသွားမည်ဖြစ်ရာ ပထမဆုံးအပိုင်းအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ တက္ကသိုလ်ကျောင်းသား ဘဝကို စတင်ရိုက်ကူးသွားမည်ဖြစ်ပြီး နောက်တစ်ဆင့်အနေဖြင့် ဇာတ်ကား၏ အစပိုင်း ခြေဆင်းပိုင်းဖြစ်သည့် လွတ်လပ်ရေးဆုံးရှုံးခဲ့စဉ်အချိန် ဗိုလ်မင်းရောင်တို့ ခေတ်ကာလ အပိုင်းအနည်းငယ်ကို မန္တလေး၊ အင်းဝဘက်တွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း၊ ယင်းနောက် ဗိုလ်ချုပ်၏ ငယ်ဘဝကို ရေနံချောင်းနှင့် နက်မောက်ဘက်တွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း ဒါရိုက်တာ ဦးလူမင်းက ပြောသည်။
ထို့နောက် အဆိုပါရုပ်ရှင်တွင် ဒေါက်တာ ဘမော်အဖြစ် သရုပ်ဆောင်မည့် အကယ်ဒမီ ရန်အောင်၊ သခင်မြအဖြစ် သရုပ်ဆောင်မည့် အကယ်ဒမီ ရဲအောင်၊ ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် သရုပ်ဆောင်မည့် နန့်ဇာခြည်လင်း၊ သခင်သိန်းဖေမြင့်အဖြစ် သရုပ်ဆောင်မည့် သရုပ်ဆောင် ကျော်ကျော်၊ သခင်ဗဟိန်းအဖြစ် သရုပ်ဆောင်မည့် ဒါရိုက်တာညိုမင်းလွင်၊ သခင်နုအဖြစ် သရုပ်ဆောင်မည့် အောင်မော်ထွန်းတို့နှင့်အတူ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ကြမည့်သူများက မိမိတို့ပါဝင်မည့် အခန်းကဏ္ဍများနှင့် ခံစားမှုများကို မီဒီယာများအား ပြောကြားကြသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်


