တင်ဝင်းလေး(ကြည့်မြင်တိုင်)
ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မီးလောင်ခြင်း စတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုတာ ဒီကနေ့ ကမ္ဘာနဲ့အဝန်း နှစ်စဉ်လို ဖြစ်ပွားလေ့ရှိနေပါတယ်။
မြန်မာနိုင်ငံမှာဆိုလည်း ၂၀ဝ၈ ခုနှစ် နာဂစ် မုန်တိုင်းဖြစ်ပြီးနောက် တံခါးဖွင့်ထားတဲ့ အိမ်လိုပါပဲ ဝင်ရောက်လာတာ အမြဲလိုဖြစ်လာပါပြီ။
ရေလွှမ်းမိုးခြင်း၊ လေတိုက်ခြင်းတို့ဟာ မိုးလေ ဝသပညာရှင်များက ကြိုတင်ခန့်မှန်းအသိပေးနိုင် ကြပေမယ့်၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ မီးလောင်မှု တွေပေါ်မှာတော့ ကြိုတင်မှန်းဆလို့မရနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေပါ...။
သို့သော်လည်း အဲဒီလိုဖြစ်ပေါ်လာနိုင်မယ့် သဘာဝဘေးအန္တရာယ်များအတွက်ကိုတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေနဲ့ ကြိုတင်ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်းတို့နဲ့ ဆိုးကျိုးများဖြစ်ပေါ်မှုကို လျော့နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နေပါတယ်။
သဘာဝဘေးအန္တရာယ် ရှောင်ရှားနိုင်စေဖို့
အသက်အရွယ်ကြီးရင့်သူ လူကြီးတွေအနေနဲ့ မိမိဘဝအတွေ့အကြုံ၊ မြင်တွေ့ ကြားသိနေရတဲ့ အဖြစ်အပျက်များအပေါ် သင်ခန်းစာယူလို့ တတ်စွမ်းသမျှ ရှောင်နိုင်ရှားနိုင်ကြပေမယ့်၊ ကျောင်းသားအရွယ် ကလေးသူငယ်များအဖို့ အကယ်၍များ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာရင် ရှောင်နိုင်ရှားနိုင်စေဖို့အတွက်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က “ကလေးများအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေး ပညာပေးအစီအစဉ်” ကို ပထမဦးစွာ သြဂုတ် ၃၁ ရက်က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ် (ရန်ကုန်)မှာ ပြုလုပ်ခဲ့ပါတယ်။
အခုဆို ရန်ကုန်မြောက်ပိုင်းခရိုင်နဲ့ အနောက် ပိုင်းခရိုင်က ကျောင်းနှစ်ကျောင်းကနေ စတင် လာတာ တွေ့ရပါတယ်။ စက်တင်ဘာ ၁၃ ရက်က ဆိုရင် အင်းစိန်မြို့နယ် အ.ထ.က(၁)မှာ ပြုလုပ်ခဲ့ သလို စက်တင်ဘာ ၁၈ ရက်က အလုံမြို့နယ် အ.ထ.က(၄) မှာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်းက “အကယ်၍ သဘာဝဘေးအန္တရာယ် တစ်ခုခု ကျရောက်လာခဲ့ရင် ကလေးတွေက လူကြီးတွေထက် ပိုပြီးခံရပါတယ်။ အသက်အရွယ်ငယ်ပြီး လူကြီးတွေလို ခွန်အားမရှိတော့ ပိုပြီးအန္တရာယ် များစေပါတယ်။”
ဘယ်လိုတုံ့ပြန်ရင်ဆိုင်ရမယ်
“မြန်မာနိုင်ငံမှာ အခုလိုကလေးတွေအတွက် ရည်ရွယ်ပြီး အသိပညာပေးလုပ်တဲ့ အစီအစဉ်က ကဏ္ဍပေါင်းစုံမှာလုပ်မှာ ဖြစ်ပါတယ်။ လုပ်တဲ့အစီ အစဉ်တွေမှာလည်း ကလေးတွေကို ဟောပြောပို့ချတာကို နည်းနည်းသာပြောပြီး သဘာဝဘေးမျိုးစုံကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ သဏ္ဌာန်တူ ဂိမ်းကစားနည်း ၁၀ မျိုးနဲ့ လုပ်ဆောင်သွားစေတာ ဖြစ်ပါတယ်။ ကလေးတွေကလည်း စိတ်ပါဝင်စား ကြပါတယ်။ အဲဒီကစားနည်းတွေကြောင့် ကလေး တွေရဲ့ မှတ်ဉာဏ်ထဲမှာ သဘာဝဘေးအန္တရာယ် ဖြစ်လာခဲ့ရင် သူတို့လေးတွေ အသိနဲ့ ခွန်အားနဲ့ ဘယ်လိုတုံ့ပြန်ရင်ဆိုင်ရမယ်၊ ဘယ်လိုပြင်ဆင်ထားရမယ်၊ သူတို့ဝန်းကျင်က သက်တူရွယ်တူ၊ သူငယ်ချင်းတွေကို ဘယ်လိုစောင့်ရှောက်ပေးရ မယ်ဆိုတဲ့အသိတွေ ရောက်သွားနိုင်ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။
ကလေးတွေအတွက် ဂိမ်းကစားနည်း ၁၀ မျိုး က (၁) Target Shooting ဂိမ်း၊ (၂) Fire Tig-Tag-Toe၊ (၃) လူနာအတွက် ထမ်းစင်မရှိတဲ့အခါ ဘယ်လိုလုပ်မလဲ၊ (၄) အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ဘယ်လိုရှေးဦးသူနာပြုကြမလဲ၊ (၅) Making Life Jacket Plastic Bottle & Boots with Garbage Bag ၊ (၆) သဘာဝ ဘေးကြုံတဲ့အခါ ဘာပစ္စည်းတွေ ယူသွားမလဲ၊ (၇) ကြိုးကလေးရဲ့ ပုံပြင်၊ (၈) Life Circle၊ (၉) ဘေးအန္တရာယ်နှင့်ပတ်သက်သောဉာဏ်စမ်းများ၊ (၁၀) ဘေးအန္တရာယ်ကြုံတွေ့လာရင်ကွယ် တို့တွေစုပေါင်းကာကွယ်ကြမယ်တို့ပဲ ဖြစ်ပါတယ်။
ကလေးတွေက ဂိမ်းတွေမှာ သူ့အဖွဲ့နဲ့သူ စုပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ရှေ့က မီးသတ်တပ်ဖွဲ့ဝင်တွေက ဦးဆောင်လုပ်ပြတာတွေကို လိုက်လုပ်ကြတာ၊ ဉာဏ်စမ်းမေးခွန်းတွေ အပေါ်မှာ ခေါင်းလေးတွေဆိုင်ပြီး တိုင်ပင်လို့ ပြန်ဖြေလိုက်ကြနဲ့ ပျော်ရွှင်စွာ ပါဝင်နေကြပါတယ်။ အားလုံးက ပြုံးပြုံးရွှင်ရွှင်နဲ့ပါ။ သူတို့လေးတွေ စိတ်အဝင်စားဆုံးက အရပ်ဝတ်နဲ့ မတက်ရဆိုတဲ့ မီးသတ်ကားကြီးတွေအပေါ် တက်ခွင့်ရပြီး သူတို့လေးတွေကိုယ်တိုင် မီးသတ်ပိုက်နဲ့ ရေလွှတ် မီးငြှိမ်းသတ်ရတဲ့ သရုပ်သကန်ပါပဲ။
ကလေးတွေကို ကြည့်ပြီး ဒီအစဉ်မှာ ပါဝင်ကူညီပံ့ပိုးပေးတဲ့ ဂျပန်နိုင်ငံက သဘာဝဘေးပညာ ရှင်တွေ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က လူကြီးတွေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်းအသီးသီးကသူတွေ၊ MFSD Drone Team က တာဝန်ရှိသူတွေက စီမံချက် အောင်မြင်မှုအပေါ် ကလေးတွေနဲ့အတူ လိုက်ပါစီးမျောနေကြပါတယ်။ နှုတ်ခမ်းထက်က အပြုံးများက ကျေနပ်ခြင်းဆိုတဲ့ အပေါင်းလက္ခဏာဘက်ဆီသို့ ရှေးရှုနေပါတယ်။
နိုင်ငံတစ်ဝန်း ကျောင်းတွေမှာ ဆောင်ရွက်ဖို့ရှိ
ရန်ကုန်တိုင်းဒေသကြီးက မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းဆိုရင် ကလေးတွေ ကြားထဲမှာဝင်ပြီး ကိုယ်တိုင်ကိုယ်ကျ ပြသပေးနေတာ တွေ့ရပါတယ်။ မီးသတ်အရာရှိကြီးတစ်ဦးက “ကျောင်းသား ကျောင်းသူလေးတွေအတွက် ဘေးအန္တရာယ်၊ အသိပညာပေး အစီအစဉ်ကို ဂျပန်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ နီပေါ အစရှိတဲ့ နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြပါပြီ။ မြန်မာနိုင်ငံမှာတော့ မီးသတ်ဦးစီးဌာနရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ရန်ကုန်က အခြေခံကျောင်းတွေမှာ ဆောင်ရွက်နေပါတယ်။ နောက်မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ အခြေခံကျောင်းတွေမှာ ဆက်လက်ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဆိုခဲ့ ပါတယ်။
မြန်မာ့အလင်း


