ကိုလင်း
ဘိုဘို ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးကာ သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီထွန်းထွန်း၊ အိချောပို၊ မေမီကိုကို၊ ဆောင်းဝတ်ရည်မေနှင့် အခြား သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ကြမည့် Players ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၂၁ ရက်က စတင် ရိုက်ကူးနေကြောင်း သိရသည်။
ဇာတ်လမ်းအကြောင်းနှင့် ပတ်သက်၍ သရုပ်ဆောင် ထွန်းထွန်းက “ ကျွန်တော်တို့ ဒီကားကြီးနာမည်က Players ဆိုတဲ့ အတိုင်း လူတွေရဲ့ဘဝက အစုံပါပဲ၊ အဲဒီလို အစုံရှိတဲ့ လူသားတွေဘဝမှာ ကစားနည်းတွေ လှည့်ကွက်တွေလည်း အများကြီးရှိကြတယ်၊ အဲဒီလို လှည့်ကွက်တွေကို ဒီကားကြီးကနေ ပြသသွားမှာပါ၊ ကျွန်တော်က ဒီကားထဲမှာ မိန်းမလိုချင်နေတဲ့သူ တစ်ယောက်ပေါ့၊ ကျွန်တော်ကြိုက်တဲ့ ကောင်မလေးကို လိုချင်တာမရဘဲ ကိုခင်လှိုင်တို့အဖွဲ့နဲ့ ပေါင်းမိပြီး အလွဲတွေလုပ်မိကြတာလေးကို သရုပ်ဆောင်ထားကြပါတယ်၊ ဒီကားလေးကို လက်ခံဖြစ်ခဲ့တာက ဇာတ်လမ်းလေးကို ကြိုက်သလို ဒီကားမှာက ကိုမြင့်မြတ်၊ ကိုခင်လှိုင်တို့လည်း ပါတယ်ဆိုတော့ ကျွန်တော်လည်း သရုပ်ဆောင်ချင်လို့ ပါဝင်ဖြစ်ခဲ့တာပါ၊ ကိုမြင့်မြတ်နဲ့ မဆုံဖြစ်တာ နှစ်တော်တော်ကြာနေပါပြီ၊ အခုတော့ ညီအစ်ကိုတွေ ပြန်ဆုံရတဲ့အတွက် ဝမ်းသာရပါတယ်” ဟု ပြောသည်။
Players ဇာတ်ကားတွင် သာမန် ရုံးဝန်ထမ်း မိန်းကလေး တစ်ဦးအဖြစ် သရုပ်ဆောင်မည့် အိချောပိုကလည်း “ဒီကားထဲ မှာ ညီမက မေသူကျော်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ့ရမှာပါ၊ ရိုးရိုးအေးအေးလို့ထင်ရတဲ့ Players တစ်ယောက်အသွင်နဲ့ တွေ့ရမှာပေါ့နော်၊ ဒီကားမှာ ညီမနဲ့ ကိုမြင့်မြတ်က အတွဲပါ၊ အဲဒါကို ကိုထွန်းထွန်းက တစ်ဖက်သတ် လိုက်ကြိုက်တာပေါ့နော်၊ ဒီကားထဲမှာ သရုပ်ဆောင်ကြတဲ့သူတွေကတော့ အားလုံး သူ့လုပ်ကွက်နဲ့သူ အကောင်းဆုံးတော့ လုပ်ဆောင်သွားကြမှာပါ၊ လူ့အသိုင်းအဝိုင်းမှာ အားလုံး တစ်ယောက်နဲ့တစ်ယောက် လှည့်ဖြားနေကြတယ်ဆိုတဲ့ ပုံစံမျိုးလေးကို ဒီကားကြီးက ဖော်ကျူးသွားမှာပါ၊ ကာရိုက်တာကတော့ ဒီကားထဲမှာ သာမန်ရုံးဝန်ထမ်း ကောင်မလေးပုံစံ သရုပ်ဆောင်ရမှာဆိုတော့ အဝတ်အစားပိုင်းကိုတော့ ထွေထွေထူးထူး သိပ်မဖန်တီးထားပါဘူး”ဟု ပြောသည်။
မြန်မာ့အလင်း