ကျောက်ဆည် ၂၅ စက်တင်ဘာ
ကျောက်ဆည်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၉)နာရီက မြေငလျင် လှုပ်ခတ်မှုများ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် တပ်ဖွဲ့ဝင် (၁၁၆)ဦးဖြင့် တပ်ခွဲအဆင့် ဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သရုပ်ပြပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မီးသတ်တပ်ဖွဲ့ဝင်များသည် ဘေးဒုက္ခ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသူတိုင်းကို မိမိတို့ အသက်နှင့်ခန္ဓာကိုယ် အရင်းတည်ပြီး မီးငြှိမ်းသတ်ရေး လုပ်ငန်းများနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေရသူများဖြစ်ကြောင်း၊ ထို့ကြောင့် မီးသတ်သမားကောင်း တစ်ယောက်မှာ ရှိရမည့် ခိုင်မာတည်ကြည်သည့် စိတ်ဓာတ်၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားမှု၊ အတွေ့အကြုံ ရင့်ကျက်မှု၊ နည်းပညာကြွယ်ဝမှုများနှင့် ပြည်သူကို အလုပ်အကျွေးပြုပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ သမိုင်းကြောင်း အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းသွားကြရန် အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရှေးဦးသူနာပြု တပ်ဖွဲ့ဝင်များမှ မြေငလျင် လှုပ်ခတ်မှုနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားမည့် ဇာတ်တိုက် လေ့ကျင့်သရုပ်ပြမှုကို လူအင်အား(၁၁၆)ဦး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ ကွက်ကဲမှုယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၂)စီး၊လူနာတင်ယာဉ် (၁)စီးတို့နှင့်အတူ ရှာဖွေကယ်ဆယ်ရေးပစ္စည်း အစုံအလင်ဖြင့် သရုပ်ပြမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် ကျောက်ဆည်ခရိုင် အတွင်းရှိ မြစ်သား၊ စဉ်ကိုင်၊ တံတားဦးမြို့နယ်များတွင်လည်း တပ်စုအဆင့်သန္ဓေ+အရန်တပ်ဖွဲ့ဝင်(၃၅)ဦးဖြင့် သဘာဝဘေး ကယ်ဆယ်ရေး သရုပ်ပြမှုများကို ပညာပေးအနေဖြင့် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင် ခရိုင်(ပြန်/ဆက်)


