ခင်ဦး    ၂၅    စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးပြုန်းတီးမှုမရှိစေရေး စပါးခင်းများအတွင်း ငါးမျိုးများစိုက်ထည့်ပေးခြင်း အခမ်းအနားကို ခင်ဦးမြို့နယ် ကံသစ်ကျေးရွာတောင်သူဦးမြင့်စိုးကွင်းအမှတ် ၂၄၁၂ ၌ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းဦး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ဒုံစေ့နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဒေသခံတောင်သူများစုပေါင်း၍ ငါးမျိုးစုစုပေါင်း ထိုင်းငါးခုံးမကောင်ရေ ၃၂၅၀ဝ ကောင်တို့ကို တစ်ဧကလျှင်အကောင် ၅၀ဝ နှုန်းဖြင့် ၆၅ ဧကစပါးလယ်ခင်းထဲသို့ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

ယခုလို စပါးလယ်ခင်းထဲသို့ ငါးမျိုးများစိုက်ထည့်ပေးခြင်းအားဖြင့် စပါးအဆစ်ပိုးများနှင့် သီးနှံဖျက်ပိုးမွှားများ အန္တရာယ်မှကာကွယ်ပေးခြင်း၊ ငါးကူးခတ်ခြင်းဖြင့်စပါးပင်သမန်းများနှိုးကြွခြင်း၊ ငါးချေးများမှလည်းမြေသြဇာဖြစ်ခြင်း၊ ငါးသယံဇာတများတိုးပွားစေခြင်း၊ ဒေသတွင်းငါးစားသုံးမှုဖူလုံစေခြင်းနှင့် စပါးခင်းထဲသို့ ငါးမွေးခြင်းမှာ လယ်သမားများအတွက် ကောင်းမျိုးများသာ ရရှိစေသောကြောင့် ငါးများကို မွေးမြူကြစေလိုကြောင်း ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ချစ်စံ(ခင်ဦး)