မြိတ် ၂၅ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းသည် စက်တင်ဘာလ(၂၄)ရက်က မြိတ်မြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးနှင့် လဝကရုံးတို့အား သွားရောက်ပြီး ဝန်ထမ်းများ၊ အလုပ်သမားများအား တွေ့ဆုံခဲ့သည်။
ဝန်ကြီးသည် ကုန်တင်ကုန်ချကော်မတီရုံးတွင် ဝန်ထမ်းများ၊ ကုန်တင်ကုန်ချအလုပ်သမားများနှင့် တွေ့ ဆုံရာ၌ အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေးများ မှန်မှန်ကန်ကန်ရရှိနိုင်ရေး၊ မိသားစုများ၏ သာရေး၊ နာရေး၊ သားသမီးများ၏ ပညာရေးကိစ္စဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးပေးရေး၊ ချွေးနဲ့ရင်းပြီးရရှိလာသည့် ငွေကြေးအပေါ်မှာ စီမံခန့်ခွဲနေသည့်ပုဂ္ဂိုလ်များက ခေါင်းပုတ်ဖြတ်မှုများမရှိစေရေး၊ အလုပ်သမားသည် မိမိ တာဝန်ကျနေသော မိမိတာဝန်ယူထားသော အခန်းကဏ္ဍကို ကိုယ်စွမ်းဉာဏ်စွမ်းဖြင့်ဆောင်ရွက်ပေးရေး၊ ဌာနမှလည်း အလုပ်သမားများ၏ ရပိုင်ခွင့်အခွင့်အရေးကို မှန်မှန်ကန်ကန် ဖန်တီးပေးရေး ပြောကြားသည်။
ထို့နောက် မြို့နယ်ကုန်တင်ကုန်ချကော်မတီကော်မတီရုံး ဒုတိယဦးစီးမှူး ဦးလွင်ကိုဦးက ကော်မတီမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီမှ ဦးစီးအရာရှိ ဦးဟိန်းသီဟ က ဖြည့်စွက်ရှင်းလင်းတင်ပြ၍ တိုင်းအတွင်းရှိ ကုန်တင်ကုန်ချကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထိုနောက် မြိတ်နှင့် ကျွန်းစုမြို့နယ် ကုန်တင် ကုန်ချကော်မတီ အလုပ်သမားအဖွဲ့များက အလုပ်သမားများ၏ လုပ်ငန်းခွင်အခြေအနေများရှင်းလင်းတင်ပြရာ ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းသည် နံနက်ပိုင်းတွင် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြိတ်မြို့နယ်ဦးစီးမှူးရုံးအား သွားရောက်၍ ဝန်ထမ်းများမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုနှင့် ရုံးမှတ်တမ်းခန်းအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


