ကန့်ဘလူ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို အဆိုပါ ရုံးရှေ့၌ စက်တင်ဘာ ၂၄ ရက်နံနက် ၈ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ အဆောက်အအုံသစ်အား တိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာဦးခင်မောင်ညွန့်၊ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးတင်ထူးမောင်၊မြို့မိမြို့ဖဥက္ကဌ ဦးဉာဏ်မင်းထွန်း တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲအဆောက်အအုံသစ်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။ထို့နောက် အမှတ်တရဓာတ်ပုံရိုက်ကြပြီး တာဝန်ရှိသူများနှင့်ဧည့်သည်တော်များက အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အဆိုပါ မြန်မာ့စီးပွားရေးဘဏ်ခွဲ အဆောက်အအုံသစ်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်တောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ၆၉ ဒသမ ၃ သန်းဖြင့် အလျားပေ ၆၀၊အနံပေ ၃၀ အာရ်စီတစ်ထပ်ကို ခန့်မြန်မာခွန်အားသစ်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဘဏ်ရုံးဆောက်လုပ်နေစဉ်အတွင်း ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား ခရိုင်စုပေါင်းရုံး၌ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာဦးသောင်းဌေးက ပြောသည်။
နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးနှင့်အညီ၏ ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း၊အစိုးရငွေတိုက်ဘဏ်လုပ်ငန်း၊ငွေစုဘဏ်လုပ်ငန်းနှင့်အခြားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဘဏ်ခွဲ ပေါင်း ၃၄၁ ဘဏ်ဖြင့် ပြည်တွင်းပြည်ပဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


