အောင်လံ ၂၅ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကိုအကောင်အထည်ဖော် ဆောင်ရွက်နေသော ကော်မတီဝင်များအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာရန်ရည်ရွယ်၍ဆောင်ရွက်သော မြစိမ်းရောင်စီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ကော်မတီဝင်များမှ စီမံကိန်းရန်ပုံငွေများကို စနစ်တကျမှန်ကန်စွာရေးသွင်းတတ်စေရေးအတွက် ဤသင်တန်းကို သင်ကြားပို့ချရခြင်းဖြစ်ကြောင်းနှင့်ငွေစာရင်းပုံစံရေးသွင်းနည်းများကို သေချာစွာဂရုစိုက်မှတ်သားပြီး မရှင်းလင်းသည့် အချက်များကို ပြန်လည်မေးမြန်ကြပါရန် အဖွင့်အမှာစကားအဖြစ်ပြောကြား၍ သင်တန်းကိုဆက်လက်ပို့ချခဲ့သည်။ သင်တန်းသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာ ကျေးရွာ(၃၂)ရွာမှ ကော်မတီဝင် သင်တန်းသား သင်တန်းသူ (၆၄)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာတစ်ရက်ဖြစ်ကြောင်းသိရသည်။
သိန်းလွင်(အောင်လံ)


