သထုံ ၂၅   စက်တင်ဘာ   


မွန်ပြည်နယ်၊ သထုံမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထောက်ပံ့သည့် Outdoor Fitness အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ခရိုင်ကာယဗလ အားကစားရုံ၌ ကျင်းပသည်။


အခမ်းအနားတွင် အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်က အားကစား ပစ္စည်းများ ထောက်ပံ့ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာစကား ပြောကြားပြီး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်လွင်၊ သထုံခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သင်းသင်းအိနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးတင်အောင်တို့က အားကစား၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ သိကောင်းစရာတို့ကို ရှင်းလင်းဆွေးနွေးသည်။


ယင်းနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူတို့က သထုံမြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ၅ ကျောင်းတို့အတွက် တစ်စုံလျှင် ငွေကျပ် ၆ သိန်းခွဲခန့် တန်ဖိုးရှိ Outdoor Fitness ၅ စုံနှင့် အ‌ထက်တန်းကျောင်း ၇ ကျောင်းတို့အတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအလိုက် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် သထုံမြို့နယ်အတွင်း ကွန်ပျူတာတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းများသို့ အဆိုပါ Outdoor Fitness အားကစားပစ္စည်း စုစုပေါင်း ၁၀ စုံအား ထောက်ပံ့ပေးအပ် ခဲ့ပြီးဖြစ်ကြောင်း ကျန်ရှိသည့် အထက်တန်းကျောင်းများကိုလည်း ထောက်ပံ့ပေးအပ်နိုင်ရန် စီစဉ်ထားကြောင်း သထုံမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။


သက်ဦး(သထုံ)