မန္တလေးမြို့တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် လှုပ်ရှားမှု Campaign များ ဆက်လက် လုပ်ဆောင်မည်
မန္တလေး ၂၅ စက်တင်ဘာ
မန္တလေးမြို့တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု Campaign များ ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် မန္တလေးမြို့မှ သဘာဝစိမ်းအဖွဲ့မှ သိရသည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဖြစ်သည့် Climate Strike Campaign ကို ယခုလ ၂၂ ရက်က အိုးဘို - ရွှေကျင်ကွေ့၊ မန္တလေးတောင်ခြေနှင့် ကျုံးဘေးတို့တွင် ပြုလုပ်ခဲ့သည်။
"ရာသီဥတု ပြောင်းလဲမှုက မြန်မာနိုင်ငံမှာတင် မဟုတ်ဘူး။ တစ်ကမ္ဘာလုံး ခံစားနေရပြီ။ ဒါတွေကို သိဖို့အတွက် Campaign လုပ်တယ်။ ထပ်ပြီးလည်း လုပ်ဆောင်မယ်" ဟု မန္တလေးမြို့ သဘာဝစိမ်းအဖွဲ့မှ ဦးဆောင်သူ ဦးမောင်မောင်ဦးက ပြောပြသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ရာသီဥတု ပြောင်းလဲမှုဒဏ် အထိခိုက်ဆုံး နိုင်ငံ၏ ထိပ်ဆုံးစာရင်းများ၌ မြန်မာနိုင်ငံ ပါဝင်ခဲ့ပြီး လက်ရှိ အချိန်တွင် ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ ရာသီဥတု အခြေအနေအရ မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှု ထိပ်ဆုံးစာရင်းတွင် ရောက်ရှိနိုင်ကြောင်း သိရသည်။
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင်လည်း ရေကြီးရေလျှံမှုများ၊ တောင်ပြို မြေပြိုမှုများ ဖြစ်ပွားလျှက်ရှိပြီး လူအမြောက်အမြား သေဆုံးမှုများ ရှိသည်။
သူရိန်လင်း


