မန္တလေး    ၂၅    စက်တင်ဘာ     

 

ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEFတို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စစ်မှုထမ်းခြင်းမှ နှုတ်ထွက်ခွင့်ရှိသော ကလေးငယ်များအား ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ တတိယအကြိမ် ပုံမှန်ညှိနှိုင်းအစည်းဝေးကို စက်တင်ဘာလ ၂၅ရက်နေ့ နံနက်(၉)နာရီက မန္တလေး မဟာအောင်မြေမြို့နယ်၊ ၇၈လမ်း၊ ၃၇လမ်းနှင့် ၃၈လမ်းကြားရှိ ဟိုတယ်မန္တလေးတွင် ကျင်းပသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီက အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ နှုတ်ထွက်ခွင့် ရရှိပြီးနောက် ပြန်လည်ထူထောင်ရေး၊ မိသားစုနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်၊တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဗဟိုအဆင့်တွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး လုပ်ငန်းကော်မတီ၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ညှိနှိုင်းကော်မတီ၊ မိသားစုနှင့် ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာ နည်းပညာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားပြီး Hotspot Area များဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

၇

 

အဆိုပါ အစည်းအဝေးသို့ နေပြည်တော်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ထွန်း၊ သက်ဆိုင်ရာ အစိုးရဌာနမှ တာဝန်ရှိသူများ၊ UNICEFမှ တာဝန်ရှိသူများ၊ NGOs၊ INGOsများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) တက်ရောက်ခဲ့ကြပြီး ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေး လုပ်ငန်းများတွင် တပ်မတော်မှ နုတ်ထွက်ခွင့်ရရှိသော ကလေးများအား လွဲပြောင်းလက်ခံရန်၊ ယာယီစောင့်ရှောက်ရေးစခန်း (သို့မဟုတ်) တည်းခိုရန်နေရာ စီစဉ်ပေးထားခြင်း၊ တပ်မတော်မှနှုတ်ထွက်ခွင့်ရရှိသော ကလေးများတွင် နိုင်ငံသားစီစစ်ရေး ကဒ်ပျောက်ဆုံးမှုရှိပါက ကူညီဆောင်ရွက်ပေးကာ ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် မိဘထံသို့ ပြန်လည်ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် သက်မွေးပညာရပ်များ သင်ကြားပေးခြင်း၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်း ထူထောင်ပေးခြင်းနှင့် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်းများ ဆွေးနွေးခဲ့ပါသည်။

 

ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ တပ်မတော်မှ နုတ်ထွက်ခွင့်ရရှိသော ကလေးသူငယ်များအား တစ်ဦးလျှင် ၅သိန်းကျပ်နှုန်းဖြင့် အထောက်အပံ့ပေးခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်တွင် တစ်ဦးလျှင် ၁၀သိန်းနှုန်းဖြင့် တိုးမြှင့်ထောက်ပံ့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် တတိယအကြိမ် ပုံမှန်ညှိနှိုင်းအစည်းအဝေးအား စက်တင်ဘာလ ၂၅ရက်နှင့်၂၆ရက် (၂ရက်ကြာ) ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

တင်ဇာလှိုင် (ပြန်/ဆက်)