နေပြည်တော် ၂၅ စက်တင်ဘာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူကြပြီး အခမ်းအနားတက်ရောက်လာကြသော နှစ်နိုင်ငံ တပ်မတော် အရာရှိကြီးများနှင့် အပြန်အလှန်မိတ်ဆက်ပေးကြသည်။


ထို့နောက် ဧည့်သည်တော် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။


တွေ့ဆုံဆွေးနွေးစဉ် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ တပ်မတော်အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာရန်၊ ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေ၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းများတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားနှင့် အခြားနယ်ပယ်များတွင်လည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ နိုင်ငံအားလုံး၏ တာဝန်ဖြစ်သော မူးယစ်ဆေးဝါး ကာကွယ်တားဆီးတိုက်ဖျက်ရေးနှင့် သတင်းအချက် အလက်ဖလှယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အခြေအနေများကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်