နေပြည်တော် ၂၅ စက်တင်ဘာ

 

(၂၀၁၇-၂၀၁၉) သုံးနှစ်တာကာလအတွင်း ဆေးဘက်ဆိုင်ရာ လူမှုရေးပြဿနာများ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ် ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြတ်နန်းယုံဟိုတယ်၌ ကျင်းပသည်။

 

mdn


ဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက (၃)နှစ်တာကာလအတွင်း ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများဆန်းစစ်ရန်နှင့် ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ အရည်အသွေး၊ အရည်အချင်းနှင့် ကျွမ်းကျင်မှုမြင့်မားလာစေရန်၊ ဆေးလူမှုဆက်ဆံရေး လုပ်ငန်းတွင် ပြည်သူလူထုအပါအဝင် အစိုးရဌာန၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စေတနာရှင်၊ အလှူရှင်နှင့် နှီးနွယ်ဆက်စပ်သောဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊ ဆေးလူမှုဆက်ဆံရေး ဝန်ထမ်းများတွေ့ဆုံ၍ အကြံဉာဏ်များ၊ အတွေ့အကြုံများဖလှယ်၍ အခက်အခဲများဖြေရှင်းနိုင်မည့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက်လာစေရန်အတွက် ယခု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယညွှန်ကြားရေးမှူး(ဆေးလူမှု) ဒေါ်နန်းခင်မာလေးက ဆေးလူမှုဆက်ဆံရေး ဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်ပေးနိုင်မှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ပြန်လည်မေးမြန်းဆွေးနွေးကြသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၇ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ 


သတင်းစဉ်