ချောက် ၂၅ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာရှိ ချုံကန်တွင် စက်တင်ဘာ ၂၅ ရက် နံနက် ၄ နာရီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချုံကန်အတွင်း သဘွတ်ချောင်းရေ ဝင်ရောက်မှုများပြီး ကန်၏ ရေပိုလွှဲမှတစ်ဆင့် ရေကျော်ကျခဲ့ရာ ကန်အနီးအနားရှိ ယာခင်းများ ရေဝင်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။
ရေနစ်မြုပ်သည့် ယာခင်းများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး သိန်းဌေးဝင်း၊ ကျေးလက်လမ်း ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဌာနတို့မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု၍ ရေဝင်သွားသော ယာခင်းရှင်များကို အားပေးစကား ပြောကြားခဲ့ကြသည်။ ယင်းသို့ ရေဝင်နစ်မြုပ်မှုကြောင့် ချောင်းတက်ကျေးရွာ တောင်သူ ၈ ဦး၏ မြေပဲ ၁၀ ဧက၊ ပဲတီစိမ်း ၇ ဧက၊ ပဲကြီး ၃ ဧက စုစုပေါင်း ဧက ၂၀ ရေဝင်နစ်မြုပ်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)


