နေပြည်တော် ၂၅ စက်တင်ဘာ
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၃၀)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပိုးသတ်ဆေးများကို စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရာတွင် ဓာတ်ကြွင်းအနည်းဆုံးဖြစ်စေရန်၊ လူနှင့် ပတ်ဝန်းကျင် ထိခိုက်မှုနည်းနိုင်သော ပိုးသတ်ဆေးများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည့်နည်းတူ လုပ်ငန်းများထိရောက်အောင်မြင်ရေးအတွက် သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ကြပ်မတ်ထိန်းကျောင်းရန် လိုအပ်ကြောင်း၊ ပိုးသတ်ဆေးများကို မှတ်ပုံတင်ခွင့်ပြုခြင်းသာမက စနစ်တကျသုံးစွဲရေးအတွက် နည်းပညာပေး၊ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပိုးသတ်ဆေးမှတ်ပုံတင် နည်းပညာကော်မတီမှ စိစစ်ပြီး တင်ပြလာသည့် ပိုးသတ်ဆေး ၁၉၈ မျိုး၊ စိစစ်ဆောင်ရွက်ပြီး လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။
စိုက်ပျိုးသီးနှံများအား ပိုးမွှားရောဂါကင်းစင်ပြီး အထွက်နှုန်း တိုးတက်ရေးအတွက် အဓိက သွင်းအားစုတစ်ခုဖြစ်သည့် ပိုးသတ်ဆေးကို အကျိုးရှိစွာအသုံးပြုနိုင်ရန်၊ အတုအပ ကင်းစင်ရန်နှင့် အရည်အသွေးစစ်မှန်ရန်အတွက် သတ်မှတ်ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၂၉)ကြိမ်မြောက် အစည်းအဝေးအထိ ပိုးသတ်ဆေးစုစုပေါင်း ၃၈၀၁ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်


