နေပြည်တော် ၂၅ စက်တင်ဘာ 


ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးနှင့် နှစ်နိုင်ငံတပ်မတော်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များအကြား အပြန်အလှန် လည်ပတ်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 


တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Mrs. Luan Thuy Duong လည်း တက်ရောက်သည်။


သတင်းစဉ်