နေပြည်တော် ၂၅ စက်တင်ဘာ
နေပြည်တော် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ပြည်ထောင်စုနယ်မြေအတွင်းရှိ လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကျယ်ပြန့်အားကောင်းစွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒရှင်းလင်းခြင်းကို ပျဉ်းမနားမြို့ သုခစိုးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကမ္ဘာ့နိုင်ငံများတွင် လူငယ်များနှင့်ပတ်သက်၍ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်မူဝါဒများ အသီးသီးရှိကြကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းတွင် လူငယ်များ၏ကဏ္ဍကို အလေးထားပါကြောင်း၊ ထို့အတွက် မိမိတို့နိုင်ငံ၌ လူငယ်ရေးရာမူဝါဒတစ်ရပ် ပေါ်ပေါက်ရေး အစိုးရသစ်၏ ရက်(၁၀ဝ)စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒကို နိုင်ငံတစ်ဝန်းရှိလူငယ်များ၏အသံကို ကိုယ်စားပြုသော ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်များက ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်ရေးရာကော်မတီဝင်များက ဒေသအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရွေးချယ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ကိုက်ညီသည့် စီမံချက်များ ရေးဆွဲဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။
လူငယ်များက လုပ်ငန်းစီမံချက်များကို စနစ်တကျရေးဆွဲနိုင်ပါက အာဆီယံဒေသတွင်း မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာမိတ်ဆွေ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း အခွင့်အလမ်းများရှိကြောင်း၊ လူငယ်ထုသည် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံကျော်ရှိသည်ကို သိရှိရပါကြောင်း၊ ယင်းလူငယ်များသည် အနာဂတ်နိုင်ငံ၏ အင်အားဖြစ်ပါကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း တာဝန်ယူကြရမည်ဖြစ်ရာ အရည်အသွေး ပြည့်ဝသူများဖြစ်ရန် ကိုယ်တိုင်လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့်အသက် (၁၅)နှစ်မှ (၃၅)နှစ်အထိ လူငယ်ဟု သတ်မှတ်ထားသည့် အချိန်အကန့်အသတ်အတွင်း အကောင်းဆုံးအခြေအနေများ ဖြစ်အောင်အချိန်ကို အကျိုးရှိစွာ အသုံးချကြရန်တိုက်တွန်းပါကြောင်း၊ သို့မှသာ နောင်လာမည့် မျိုးဆက်သစ်လူငယ်များအတွက် ကောင်းသောအမွေများ ချန်ထားနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် တန်ဖိုးရှိသော အချိန်များကို မလိုလားအပ်သော ကိစ္စများကြောင့် နစ်နာဆုံးရှုံးမှုမရှိကြစေရန် ဥပဒေဘောင်အတွင်း စည်းလုံးစွာ နေထိုင်ကြရန်လည်း တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်(၄)မြို့နယ်၌ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီများ ထပ်ဆင့်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ လူငယ်များ၏ ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်ရေးရာမူဝါဒကို ပြဋ္ဌာန်းပြီး လမ်းဖွင့်ပေးထားခြင်းဖြစ်ရာ အကောင်အထည်ဖော်ရာ၌ အားလုံးတက်ကြွစွာ ပါဝင်နိုင်ရေးကိစ္စများကို အကြံပြုဆွေးနွေးသည်။
ဆက်လက်ပြီး ပညာပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ တက်ရောက်လာကြသော လူငယ်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများက စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကြသည်။
သတင်းစဉ်


