ရန်ကုန် ၂၅ စက်တင်ဘာ 


ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ အခြေခံအဆောက်အဦနှင့် စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ ကုန်သွယ်မှုပြပွဲ (The Industrial & Infrastructure Event For Myanmar)ကို အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ မြန်မာအိတ်စ်ပို့၌ ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းကဏ္ဍများကို စုစည်းပြသမည့် အဆိုပါပြပွဲတွင် စက်မှုလုပ်ငန်းသုံး စက်ယန္တရားကြီးများ၊ ကိုယ်စားလှယ်လွှဲအပ်လုပ်ကိုင်ခြင်း၊ အဆောက်အဦနှင့် ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းတို့အတွက် နည်းပညာနှင့် ကိရိယာများ ပါဝင်ပြသမည်ဖြစ်သည်။ 
“ဗျူဟာမြောက် တည်နေရာအနေအထား၊ ပေါများတဲ့ သဘာဝအရင်းအမြစ်တွေနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကြောင့် အခုအချိန်မှာ ကမ္ဘာအနှံ့က ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံကို အထူးပဲမျက်စိကျနေပါတယ်။ တိုးတက်လာနေတဲ့ နိုင်ငံတကာဝယ်လိုအားနဲ့ ပြည်သူသန်း ၅၀ ကျော်တို့အတွက် နိုင်ငံတွင်းက စီးပွားရေးလုပ်ငန်းတိုင်းဟာ ပိုမိုတိုးချဲ့ဖို့လိုအပ်နေပါတယ်။ ကျွန်မတို့အနေနဲ့ နိုင်ငံရဲ့စက်မှုလုပ်ငန်းတိုးတက်ဖို့ အလားအလာကို မြင်နေရပြီး ပြည်တွင်းကုန်ထုတ်လုပ်သူတွေအနေနဲ့ ကမ္ဘာ့အဆင့်မီ ထုတ်လုပ်နိုင်စေဖို့နဲ့ ထုတ်လုပ်နိုင်စွမ်း တိုးချဲ့နိုင်ဖို့အတွက် ပံ့ပိုးသူတစ်ဦးအဖြစ် ပါဝင်လိုပါတယ်”ဟု  ပြပွဲကျင်းပမည့် Informa Market မှ Event Director ဒေါ်ငြိမ်းငြိမ်းအေးက ပြောကြားသည်။ 


အဆိုပါပြပွဲကြီးတွင် ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအင်နှင့် ဓာတ်သတ္တုတူးဖော်ရေးပြပွဲ (Construction, Power & Mining Myanmar 2019) ပြပွဲကို ထည့်သွင်းပြသမည်ဖြစ်ပြီး ယင်းနှင့်အတူ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှုဆိုင်ရာ (Renewable Energy Myanmar 2019) ပြပွဲကိုပြသမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတကာအင်ဂျင်နီယာလုပ်ငန်း၊ စက်ပစ္စည်းကိရိယာများနှင့် သတ္တုပုံဖော်ခြင်းဆိုင်ရာ ပြပွဲဖြစ်သော (MTA Myanmar 2019) ပြပွဲကိုလည်းကောင်း၊ ယင်းနှင့်အတူ စီးပွားရေးဆိုင်ရာ ပူးတွဲဆောင်ရွက်မှုများ ပြုလုပ်နိုင်သည့် လုပ်ငန်းခွဲဝေအပ်နှံခြင်း (Subcon Myanmar 2019) ပြပွဲများကို ပူးတွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အခြေခံအဆောက်အဦနှင့် စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ ကုန်သွယ်မှုပြပွဲတွင် တရုတ်၊ ကိုရီးယား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်းနှင့် ထိုင်ဝမ်တို့မှ နိုင်ငံတကာပြခန်းတွဲ ၆ ခုအပြင် နိုင်ငံနှင့်ဒေသပေါင်း ၉ ခုတို့မှ ပါဝင်ပြသသူ ၁၀ဝ ကျော်ပါဝင်မည်ဖြစ်ပြီး Myanmar Expo ခန်းမ၌ အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲအတွင်း ဆွေးနွေးပွဲများနှင့် လေ့ကျင့်ရေးအစီအစဉ်များအပြင် ဘေးကင်းလုံခြုံရေးဆိုင်ရာနှင့် ထုတ်ကုန်သစ်များကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။


ယခုကျင်းပမည့် အခြေခံအဆောက်အဦနှင့် စက်မှုလုပ်ငန်းပိုင်းဆိုင်ရာ ကုန်သွယ်မှုပြပွဲကို ကမ္ဘာ့ထိပ်တန်း ပြပွဲစီစဉ်သူအဖြစ် ရပ်တည်လျက်ရှိသည့် Informa Markets မှ စီစဉ်ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့၏ ကူညီပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 
ယခုကဲ့သို့ပြပွဲမျိုးသည် အများပြည်သူလာရောက်ကြည့်ရှုသော ပြပွဲမျိုးမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်များ၊ နည်းပညာရှင်များ စသည်ဖြင့် တတ်သိနားလည် ကျွမ်းကျင်သူများနှင့် ပညာရှင်များကို ဖိတ်ကြားပြသသော ပြပွဲမျိုးဖြစ်ကြောင်း သိရသည်။


ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း