နိုင်ငံ့ဝင်ငွေ တိုးတက်ရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များသည် အရေးပါလှသည့်အလျောက် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်နေကြသည်။ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ခရီးသွားသူ ၁ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး ကမ္ဘာ့ခရီးသွား အဖွဲ့ချုပ်၏ ခန့်မှန်းချက်အရ လာမည့် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ ခရီးသွားသူဦးရေ ၁ ဒသမ ၆ ဘီလီယံရှိလာမည်ဟု ခန့်မှန်းထားသည်။ ယင်းအနက်မှ အရှေ့တောင် အာရှဒေသသို့ ခရီးသည် ၁၂၃ သန်းခန့် လာရောက်မည်ဟု ခန့်မှန်းထားသည်။
ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှု အဓိကလုပ်ငန်းဖြစ်ပြီး ခရီးသည်များ၏ တည်းခိုနေထိုင်ရေး၊ အစားအသောက် တည်ခင်းဧည့်ခံရေး၊ လှည့်လည်ကြည့်ရှုလေ့လာရေးလုပ်ငန်းများ၊ အမှတ်တရပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ၊ ဖျော်ဖြေမှုနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့ ပါဝင်သည်။ မိမိတို့ မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျပြီး ပို့ဆောင်ဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံများ ပြည့်စုံရေးနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတို့ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ် သည်။
နိုင်ငံ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်ရန် လိုအပ်နေပြီး အားနည်းချက် များအနေဖြင့် မူဝါဒနှင့် တည်ဆဲဥပဒေဆိုင်ရာ အားနည်းချက်များ၊ ဆက်စပ်နေသည့် ဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်များ၊ စီမံခန့်ခွဲမှုနှင့် အခြေခံအဆောက်အအုံ မပြည့်စုံသည့် အားနည်းချက်များ၊ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အစီအစဉ်များ စီမံဖန်တီးမှုဆိုင်ရာ အားနည်းချက်များ၊ တည်းခိုနေထိုင်မှု စရိတ်များမှာ ဒေသတွင်း နိုင်ငံများထက် မြင့်မားနေသည့် အားနည်းချက်များ၊ သတင်းအချက်အလက် ဖြန့်ဝေမှု၊ နိုင်ငံတကာ ချိတ်ဆက်သွား လာနိုင်သည့် လေကြောင်းလိုင်း နည်းပါးနေမှု၊ ငွေကြေးစနစ် ခေတ်မမီသည့် အားနည်းချက်များ၊ ရေ၊ အစားအသောက် သန့်ရှင်းမှုဆိုင်ရာ အားနည်းချက်များ ရှိနေကြောင်း ကျွမ်းကျင်သူတို့က ထောက်ပြထားကြသည်။
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ ရုန်းကန်ခဲ့ရပြီး တစ်ဖက်တွင်လည်း အရှေ့မျှော်မူဝါဒကို ချမှတ်၍ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းများကို မြင်တွေ့ခဲ့ရသည်။ တရုတ်နှင့် ကိုရီးယားတို့မှ ခရီးသည်များ ဝင်ရောက်မှုတိုးတက် မြင့်မားခဲ့ရာ ခရီးသွားလုပ်ငန်း တိုးတက်မြင့်မားလာနိုင်မှုနှင့်အတူ တစ်ဖက်တွင်လည်း လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မဟာဗျူဟာအစီအစဉ် ချမှတ်လုပ်ဆောင်နေကြောင်း သတင်းများတွင် တွေ့ မြင်ခဲ့ရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံချက်အရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလှည့် ခရီးသွားဧည့်သည် ၇ ဒသမ ၅ သန်း ဝင်ရောက်လာရန် မျှော်လင့်ထားသည်ဟု သိရသည်။ တိုးမြှင့်ဝင်ရောက်လာမည့် ခရီးသည်များအတွက် လိုအပ်ချက်များ အားလုံး ပြည့်စုံအောင် စီမံဖြည့်ဆည်းမှုများ ပြုလုပ်ရာတွင် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများ ပေးနိုင်ရန်မှာ အဓိက ကျသည်ဟု ရှုမြင်မိသည်။ တစ်ဖက်တွင်လည်း ခရီးသွားလုပ်ငန်းသည် တိုက်ရိုက်အားဖြင့် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း အလုပ်အကိုင် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့်ကဏ္ဍဖြစ်ရာ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်သည် နှင့်အမျှ နိုင်ငံအတွက်ရော ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ပြည်သူများ၏ လူမှုစီးပွားဘဝ များကိုပါ မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း။ ။