မောင်တော ၂၆ စက်တင်ဘာ
မောင်တောမြို့၌ ပညာရေးဝန်ကြီးဌာန၊အစိုးရ နည်းပညာအထက်တန်းကျောင်း(စစ်တွေ) နှင့်NRC (NORWEGIAN REFUGEE COUNCIL)တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ကျွမ်းကျင်မှုအခြေပြု ကာလတို သက်မွေးပညာ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက မြို့မအရှေ့ရပ်ကွက် ရှိ မူလွန်(၂)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ဦးစီးအရာရှိ ဦးစံလှိုင်က အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းဆရာ ဦးနေမင်းထွန်းမှ အခုလို သင်တန်းမှ သင်ကြားပို့ချလိုက်သော ပညာရပ်များကို မိမိတို့ အနေဖြင့် အသက်မွေး ဝမ်းကျောင်း အလုပ်များတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် မြို့မိမြို့ဖတစ်ဉီးနှင့် သင်တန်းသားများကိုယ်စား သင်တန်းသား ဦးသိန်းရွှေတို့မှ ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။
ဆက်လက်၍ သင်တန်းများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ဦးစီးအရာရှိ ဦးစံလှိုင်က သင်တန်းသားများအတွက် အခြေခံ ဂဟေဆက် သင်တန်းသားများအတွက် ကျောက်စက်၊ မှန်ကာ ဦးထုပ်များပေးအပ်ခြင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းသားများအတွက် ဖောက်စက်(၂)မျိုး၊ Screw အ စုံ၊ Wire ဖြတ် ပစ္စည်း များ ပေးအပ်ခြင်း၊ပန်းရံ အုတ်စီ သင်တန်းသားများ အတွက် ပန်းရံ ပစ္စည်းအစုံ တို့ကို အသီးသီး ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းသို့ ရပ်ကွက် /ကျေးရွာများ မှ သင်တန်းသား (၇၇)ဦး တက်ရောက် ပညာ သင်ကြားခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


