မန္တလေး ၂၆ စက်တင်ဘာ
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ အခမဲ့ အခမ်းအနားမှူး သင်တန်းကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီက ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီး လမ်းထောင့်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။
“အခမ်းအနားမှူးအဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့ အခမဲ့ အခမ်းနားမှူး သင်တန်းတွေ ဖွင့်လှစ်ပေးခြင်း ဖြစ်ပါတယ်။ Community Centre မှာ တခြားသင်တန်းတွေလည်း အခမဲ့ဖွင့်လှစ်တာတွေ ရှိပါတယ်။” ဟု ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၃၀)တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ဇာလှိုင် (ပြန်/ဆက်)


