ကော့သောင်း ၂၆ စက်တင်ဘာ
၂၀၁၉-၂၀၂၀ ခုနှစ် ခရီးသွားရာသီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း ပင်လယ်ကျွန်း ခရီးစဉ်များသို့ ခရီးသွားရာသီအကြို စတင်ဖွင့်လှစ်ခြင်း အခမ်းအနားအား စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက ကော့သောင်းမြို့၊ ဘုရင့်နောင်ရုပ်တုကုန်းမြေ၊ ဗျူးပွိုင့်ရင်ပြင်တွင် ကျင်းပပြုလုပ်သည်။
ယင်းနောက် တက်ရောက်လာကြသည့် ဧည့်သည်များက ဘုရင့်နောင်အငူရှေ့ ပါချန် ပင်လယ်ပြင်အတွင်း၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၏ ဝန်ဆောင်မှုပေးမည့် Speed Boat များ သရုပ်ပြခုတ်မောင်းမှု၊ ရေကြောင်း ရဲတပ်ဖွဲ့စု(ကော့သောင်း)နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ရေပြင်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၏ ကယ်ဆယ်မှု သရုပ်ပြကွက်များအား ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ကော့သောင်းခရိုင် ပင်လယ်ပြင်အတွင်း လည်ပတ်ကြည့်ရှုနိုင်မည့် သာယာလှပသည့် သဘာဝ ကျွန်း ပေါင်း (၃၀)ခန့်ရှိပြီး၊ နေ့ခြင်းပြန် လည်ပတ်နိုင်သည့် ကျွန်း(၉)ကျွန်း၊ ညအိပ်ရပ်နား တည်းခိုအပန်းဖြေနိုင်မည့် ကျွန်း(၇)ကျွန်း၊ တည်းခိုအနားယူနိုင်မည့် ဟိုတယ်နှင့် ရီဆော့ပေါင်း(၁၂)ခုရှိကြောင်း၊ ယခုနှစ် ပင်လယ်ကျွန်း ခရီးစဉ်များအား ခရီးသွားဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီ(၂၈)ခုမှ နိုင်ငံတကာအဆင့်မှီ Speed Boat အစီးရေ (၆၀) ကျော်ခန့်ဖြင့် ဝန်ဆောင်မှု ပေးကြမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ် ခရီးသွား ရာသီအတွင်း ကော့သောင်းဒေသ ပင်လယ်ကျွန်းများသို့ ပြည်တွင်း၊ ပြည်ပ ခရီးသည်ပေါင်း သုံးသိန်းခွဲကျော်ခန့် လာရောက် လည်ပတ်ခဲ့ကြကြောင်း ခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာထွန်းက ပြောသည်။
အဆိုပါ ပင်လယ်ကျွန်း ခရီးစဉ်များသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် အများစုမှာ ရေကူးအပန်းဖြေခြင်း၊ လှေလှော်ခြင်း၊ ရေငုတ်ခြင်း၊ ပင်လယ်ရေအောက်သန္တာကျောက်တန်း သဘာဝအလှများအား မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းအပြင် ပုလဲမွေးမြူရေး လုပ်ငန်းခွင်နှင့် ဒေသခံ ရှားပါးလူသားမျိုးနွယ်စု ဆလုံလူမျိုးများ၏ ရိုးရာဓလေ့သဘာဝများအား လေ့လာကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


