ကျိုင်းတုံ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၆၆)ကေဗွီဓာတ်အားရုံမြေနေရာအတွက် တောင်သူလက်ဝယ်သို့ လယ်ယာမြေလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီက ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး (၆၆)ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ရန် မြေအကျယ်အဝန်း (၄)ဧကအား စွန့်လွှတ်ပေးသည့် မိုင်းလယ်ကျေးရွာအုပ်စု၊ ဝမ်တောင်ကျေးရွာနေ ဦးစိုင်းဆိုက်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ကိုယ်စား) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်က မြေ(၁)ဧကလျှင် (၁၆၃)သိန်းကျပ်၊ သီးနှံနစ်နာကြေး (၃)နှစ်စာ (၃၇)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းကျပ်သိန်းရှစ်ရာကို ပေးအပ်သည်။
အဆိုပါ လယ်ယာမြေလျော်ကြေးပေးအပ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့မိ/မြို့ဖတို့တက်ရောက်ကြပြီး ဓာတ်အားခွဲ ရုံမြေသည် ကျိုင်းတုံမြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဓာတ်အား ဖြန့်ဖြူးနိုင်ရန် ကျိုင်းတုံမြို့ (၂၃၀)ကေဗွီ ပင်မဓာတ်အားခွဲရုံအနီးတွင် တည်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


