မြဝတီ ၂၆  စက်တင်ဘာ

ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မြဝတီမြို့) မှ ကျင်းပပြုလုပ်သည့် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေး သင်တန်းကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ဝှေ့ရှမ်းကျေးရွာတွင် ပြုလုပ်ခဲ့ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေဝါထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က သင်တန်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင် ကူညီပေးခဲ့သည့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ကရင်ပြည်နယ်အသင်းခွဲအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ဆက်လက်ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ပြန်လည်ထူထောင်မှုခံယူပြီးသော သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။

အဆိုပါ သင်တန်းအား ၂၀.၈.၂၀၁၉ ရက်နေ့မှ ၂၃.၉.၂၀၁၉ ရက်နေ့အထိ ပို့ချခဲ့ခြင်းဖြစ်ကာ မူးယစ်ဆေးဖြတ်လိုသူ သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)