နေပြည်တော်  ၂၆   စက်တင်ဘာ

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များရှိ အဝေးအသင် သင်တန်းများ၏ ၂၀၁၉ ပညာသင်နှစ် အနီးကပ် သင်တန်းများ ပို့ချခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်း အစီအစဉ်များအား ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ အနီးကပ်သင်တန်းများ ပို့ချခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်း အစီအစဉ်များတွင် သိပ္ပံဘာသာရပ်များ စာမေးပွဲစစ်ဆေးခြင်း (ပထမအသုတ်)ကို အောက်တိုဘာ ၁ ရက်မှ ၈ ရက် အထိ ကျင်းပမည်ဖြစ်သည်။

 

ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာနှင့် ဒဿနိကဗေဒ (ဒုတိယအသုတ်) အတွက် အနီးကပ်သင်တန်း ပို့ချခြင်းကို အောက်တိုဘာ ၁၀ ရက်မှ ၂၄ ရက်အထိ(၁၀)ရက် ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ (၅)ရက်သည် သီတင်းကျွတ်ရုံးပိတ်ရက်များဖြစ် သည့်အတွက် သင်တန်းပိတ်မည်ဖြစ်သည်။

 

အဆိုပါ ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာနှင့် ဒဿနိကဗေဒ (ဒုတိယအသုတ်) စာမေးပွဲစစ်ဆေးခြင်းကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

 

ထို့ပြင် ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားစီမံပညာ (တတိယအသုတ်)အတွက် အနီးကပ်သင်တန်း ပို့ချခြင်းကို နိုဝင်ဘာ ၆ ရက်မှ ၁၈ ရက်အထိ(၁၀)ရက် ကျင်းပမည်ဖြစ်ပြီး  နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ (၃)ရက်သည် တန်ဆောင်တိုင် ရုံးပိတ်ရက်များ ဖြစ်သည့်အတွက် သင်တန်းပိတ်မည်ဖြစ်သည်။

 

အဆိုပါ ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ သမိုင်း၊ စီးပွားရေးပညာနှင့် စီးပွားစီမံပညာ (တတိယအသုတ်) စာမေးပွဲစစ်ဆေးခြင်းကို နိုဝင်ဘာ ၂၀ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ နိုဝင်ဘာ ၂၁ ရက်သည် အမျိုးသားအောင်ပွဲနေ့ ရုံးပိတ်ရက်ဖြစ်ပြီး ဒီပါဝလီနေ့အတွက် ကျရောက်မည့် နေ့ရက်ပါဝင်ပါက နိုဝင်ဘာ ၂၉ ရက်တွင် စာမေးပွဲပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

 

ပထမနှစ် စီးပွားရေးပညာနှင့် စီးပွားစီမံပညာအထူးပြု ဘာသာရပ်တို့အတွက် အနီးကပ်ပို့ချခြင်းနှင့် စာမေးပွဲကျင်းပခြင်းတို့ကို သတ်မှတ်ကာလအတွင်း ရန်ကုန် စီးပွားရေးတက္ကသိုလ်၊ မုံရွာစီးပွားရေး တက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် အစီအစဉ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

 

မောင်လူမော်