မန္တလေး ၂၆ စက်တင်ဘာ
လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံ အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပိုမို ထိရောက်ကျယ်ပြန့်စွာပေးနိုင်ရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင်းအတွင်းသို့ နယ်လှည့် ကွင်းဆင်းဆေးကုသယာဉ် (MMU) ဖြင့် လုပ်ငန်းခွင်အရောက် ကွင်းဆင်းကုသခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးအောင်ကြည် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
နယ်လှည့်ကွင်းဆင်း ဆေးကုသယာဉ်ပေါ်တွင် ဆရာဝန်နှစ်ဦးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၁၀ ဦးပါရှိပြီး ဆရာဝန်များမှ ရောဂါစမ်းသပ်ပြီး ကုသပေးခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသည်းနှင့် ပတ်သက်သည့်ရောဂါများ၊ ကျောက်ကပ်နှင့်ပတ်သက်သည့် ရောဂါများအတွက် ရောဂါရှာဖွေဓာတ်ခွဲ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကယ်၍ သမားတော်နှင့်ပြရန်လိုအပ်သော ရောဂါများကို အလုပ်သမားဆေးရုံကြီးသို့ လွှဲပေးကြောင်းနှင့် လူမှုဖူလုံရေးအသင်းဝင်ခြင်းသည် အလုပ်သမားထုအတွက် များစွာအကျိုးရှိရုံသာမက အလုပ်ရှင်များအတွက်ပါ အကျိုးရှိကြောင်း လူမှုဖူလုံရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီး မန္တလေးရုံးခွဲ-၁၊ မန္တလေးရုံးခွဲ-၂ ၊ မန္တလေးရုံးခွဲ-၃၊ အမရပူရ၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ ညောင်ဦးနှင့် သာစည်မြို့နယ်များရှိ အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ အာမခံ အလုပ်သမားများအတွက် နယ်လှည့်ကွင်းဆင်းဆေးကုသယာဉ် (MMU) ကွင်းဆင်းကုသပေးခြင်းကို ဩဂုတ်လ ၃၀ရက်နေ့မှ ဒီဇင်ဘာလ ၁၉ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ဇာလှိုင် (ပြန်/ဆက်)


