လွိုင်ကော် ၂၆ စက်တင်ဘာ

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ လွိုင်ကော်မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်က  အဖွင့်အမှာစကား ပြောကြားရာတွင် ယခင်ကလေးသူငယ်ဥပဒေတွင် အခန်း(၁၉)ခန်း၊ ပုဒ်မ(၇၅)ခုဖြင့် ပြဌာန်းခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြင်ဆင်ရေးဆွဲရာတွင် အခန်း(၃၀)ခန်းနှင့် ပုဒ်မ(၁၂၁)ခု ပါဝင်ပါကြောင်း၊ ယခင်က အသက် (၁၆)နှစ်အောက်ကို ကလေးသူငယ်အဖြစ် သတ်မှတ်၍ အသက် (၁၆)နှစ်နှင့် (၁၈)နှစ်ကြားကို လူငယ်ဟု သတ်မှတ်ခဲ့ပြီး ယခုဥပဒေတွင် အသက်(၁၈)နှစ်အောက်ကို ကလေးသူငယ်ဟု ပြင်ဆင်သတ်မှတ်ထား ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်ရန် အားလုံးတွင် တာဝန်ရှိပါကြောင်း၊ ကလေးများကို ဦးစားပေးရမည့်အပိုင်း၊ ကာကွယ်ပေးရမည့်အပိုင်း၊ စောင့်ရှောက်ရ မည့်အပိုင်း၊ မူးယစ်ဆေးအန္တရာယ်၊ မုဒိမ်းအန္တရာယ် စသည့်အန္တရာယ်များ မဖြစ်ပွားစေရေးအတွက် အစိုးရ၊ ပြည်သူနှင့် လူမှုရေးအသင်းအဖွဲ့များအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအား ရှင်းလင်းပြောကြားပြီး ကိန္နရာကျေးလက်လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်း တာဝန်ခံ ဦးဌေးရယ်က ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

 

အဆိုပါ ဟောပြောပွဲသို့ ခရိုင်၊မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေး အသင်း အဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

လွိုင်ကော်သား