ဘားအံ  ၂၆  စက်တင်ဘာ

 

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ရိုရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် ပွဲတော်ကျင်ပရေး လုပ်ငန်းညှိနှိုင်းစည်းဝေးမှ သိရသည်။

 

(၆၄)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆိုင်ခန်းများ နေရာချထားရေးနှင့် ရန်ပုံငွေရှာဖွေရေး အထောက်အကူပြု လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပြီး ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ဆွးနွေးပွဲတွင် ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ဆိုင်ခန်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် နေရာချထားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆိုင်ခန်းများ နေရာချထားရေးနှင့် ရန်ပုံငွေရှာဖွေရေး အထောက်အကူပြု လုပ်ငန်းကော်မတီဝင်များက ဆက်လက်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်နေ့ပွဲတော်တွင် ဈေးရောင်းပွဲ (ကုန်စည်ပြပွဲ)နှင့် ဈေးဆိုင်ခန်းများအတွက် လုပ်ငန်းရှင်တစ်ဦးတည်းကိုသာ ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ပြီး တင်ဒါပေးရာတွင် ဒေသတွင်း အတွေ့အကြုံရှိသူအား ဦးစားပေးမည်ဖြစ်ကာ ပြန်လည် လွှဲပြောင်းခြင်း မပြုလုပ်ရကြောင်း သိရသည်။

 

တင်ဒါ လျှောက်လွှာများကို စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း ဘားအံမြို့ရှိ ပြည်နယ် ပြည်တွင်း အခွန်ဦးစီးဌာနမှူးရုံးတွင် တစ်စောင်လျှင် တစ်သောင်းကျပ်နှုန်းဖြင့် တစ်ဦးလျှင် တစ်စောင်နှုန်း တင်သွင်းခွင့်ရှိကြောင်း သိရသည်။

 

အဆိုပါ တင်ဒါများကို အောက်တိုဘာ ၄ ရက် နံနက် ၁၀ နာရီတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)

 

mdn