နေပြည်တော် ၂၆ စက်တင်ဘာ
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ(၂/၂ဝ၁၉) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့အစည်းအဝေးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာ (၁၇)ရက်တွင် ပြန်လည်ပြင်ဆင်ပြီး ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဥပဒေသစ်အရ အမျိုးသားခရီးသွားလုပ်ငန်းဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်း ကော်မတီနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ ဖွဲ့စည်းခဲ့ပြီးနောက် ကျင်းပသည့် အမျိုးသားခရီးသွားလုပ်ငန်း ဗဟိုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး ဖြစ်ပါကြောင်း၊ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် နိုင်ငံတော်အစိုးရပိုင်းနှင့် ပုဂ္ဂလိကပိုင်းတို့မှ ဆောင်ရွက်ရန်ရှိသည့်ကိစ္စများကို အကောင်အထည် ဖော် ဆောင်ရွက်ရန်နှင့် ဝိုင်းဝန်းဆွေးနွေးညှိနှိုင်းကြရန် ရည်ရွယ်ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း။
မိမိတို့ အစိုးရလက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခဲ့ပြီး ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာသည်ကို မြင်တွေ့ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရက ပုဂ္ဂလိကကဏ္ဍကို လုပ်ကိုင်ခွင့် မြှင့်တင်ပေးခြင်းနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည့်အလျောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးစားပေးစီမံကိန်းများကို အဓိက အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ခရီးသွားလုပ်ငန်း အခြေခံ အဆောက်အအုံများ တည်ဆောက်မြှင့်တင်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကပိုင်းတို့မှ တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိလာမည် ဖြစ်ပြီး လူနေမှု အဆင့်အတန်းများပါ မြင့်တက်လာနိုင်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်း လမ်းညွှန်ဖြစ်သည့် ခရီးသွားလုပ်ငန်းပင်မစီမံကိန်း(၂၀၁၃-၂၀၂၀)ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ချမှတ်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ စီမံကိန်းရေးဆွဲရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းဖြစ်သည့် Luxembourg Development Agency တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း၊ ခရီးသွားလုပ်ငန်းသည်ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ဒေသခံများ ပိုမိုပါဝင်နိုင် စေရန်အတွက်တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များကလည်း မိမိတို့သက်ဆိုင်ရာ ဒေသအလိုက် ခရီးသွားလုပ်ငန်းပင်မစီမံကိန်းများ ညှိနှိုင်းရေးဆွဲ ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital Marketing စနစ်ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ ခရီးသွားပြပွဲများတွင်ပြသခြင်း၊ မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းမှုရှိပြီး ဘေးအန္တရာယ် ကင်းရှင်းစွာ လာရောက်လည်ပတ် နိုင်ကြောင်း ကမ္ဘာလှည့်ခရီးသွားများသိရှိနိုင်ရေး အတွက် သတင်းမီဒီယာများကိုဖိတ်ခေါ်ပြီး ရုပ်/သံ ရိုက်ကူးရေးဆောင်ရွက်စေခြင်း၊ လက်ကမ်း စာစောင်များ၊ DVDများထုတ်ဝေအသုံးပြုပြီး ပြည်ပရှိ မြန်မာသံရုံးများမှတစ်ဆင့် မြှင့်တင် ကြော်ငြာခြင်း၊ FAM Trip များ စီစဉ်ဖိတ်ခေါ်ခြင်း၊ ပြည်ပနိုင်ငံများတွင် Road Show များပြုလုပ်ခြင်း၊ ခရီးသွားသံတမန်များ ခန့်အပ်ခြင်းတို့ဖြင့် ကြိုးစားဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ ခရီးသွားပုံရိပ် မြင့်တက်အောင် ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရပါကြောင်း။
မိမိတို့ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီးခရီးသွား လုပ်ငန်း၏ အကျိုးအမြတ်များကို သက်ဆိုင်ရာ ဒေသခံပြည်သူများကခွဲဝေခံစားခွင့် ရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် ပေါင်းစပ်ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များက ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။
ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ခရီးသွားကြသည့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရန် စဉ်းစားသည့်အခါ အနားယူအပန်းဖြေခြင်း၊ စီးပွားရေးအတွက် ခရီးသွားခြင်း၊ စွန့်စားမှုပြုလုပ်ခြင်း၊ ဗဟုသုတအတွက်ခရီးသွားခြင်း၊ ဆေးကုသရန် ခရီးသွားခြင်း၊ အားကစားလှုပ်ရှားမှုဆိုင်ရာ ခရီးသွားခြင်း၊ ငှက်ကြည့်ခြင်း၊ သဘာဝအခြေခံခရီးသွားခြင်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားခြင်း စသည့်ခရီးသွားလုပ်ငန်း အမျိုးအစားများကို စုံလင်စွာဝန်ဆောင်မှုပေးနိုင်အောင် ဖြည့်ဆည်းပေးရန် ကြိုတင်မျှော်တွေး ဖြည့်ဆည်းထားရန် လိုအပ်ပါကြောင်း။
ခရီးသွားလုပ်ငန်းအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ရေးနှင့် ကမ္ဘာ့လှည့်ခရီးသွားများအတွက် သဘာဝအလှအပများကို ကြည့်ရှုနိုင်ရန် မီးရထားခရီးစဉ်များနှင့် မြစ်ကြောင်း ခရီးစဉ်များစီစဉ်ဆောင်ရွက်ပေးရေး၊ ဝန်ဆောင်မှုများ မြှင့်တင်ပေးရေးနှင့် ပြည်တွင်း လေဆိပ်အဆောက်အုံများ အဆင့်မြှင့်တင်ရေး စသည့်ကိစ္စရပ်များကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရေတို အကျိုးအမြတ်ကိုသာမက ရေရှည်အကျိုးရရှိရန်အတွက် သေချာစွာ ချိန်ဆဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မိမိတို့တွင်ရှိသည့် ခရီးသွားအရင်းအမြစ်များကို တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အဓိက အခွင့်အလမ်းများအဖြစ် အသုံးချသွားရန် လိုအပ်ကြောင်း၊ ယခုအစည်းအဝေးကို တက်ရောက် လာကြသော ပုဂ္ဂိုလ်များအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ အကြံပြုလိုသည့် အချက်များ၊ ယခင်ဆောင်ရွက်ပြီးစီးမှုများ၏ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန သာမက အခြားဆက်စပ် ဝန်ကြီးဌာနများနှင့် Tourism Stakeholders များအားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာ၊ offline platform များ အသုံးပြုဆောင်ရွက်နေမှု၊ နိုင်ငံတကာ ခရီးသွားပြပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းပြသခြင်း၊ နိုင်ငံတကာက နာမည်ကျော် ရုပ်/သံလိုင်းများ၊မီဒီယာသမားများ၊ travel bloggers များ၊ celebrities များ၊ ခရီးသွားအေဂျင်စီများကို မြန်မာနိုင်ငံသို့ဖိတ်ခေါ်ပြီးမိမိတို့၏ ဆွဲဆောင်မှုကောင်းသည့် ခရီးစဉ်ဒေသများကို လှည့်လည်ပြသည့် FAM trip များ စီစဉ်ဆောင်ရွက် ပေးနေမှု၊ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ပွဲတော်များကျင်းပပေးမှု၊ ကျေးလက်နေပြည်သူများ ခရီးသွား လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်စေရန် လူမှုရေး၊ စီးပွားရေးစသည့် အကျိုးအမြတ်များ ရရှိစေရန်၊ အသိပညာဗဟုသုတများ ဖွံဖြိုးတိုးတက်ရန်နှင့် ရပ်ရွာလူထုအခြေပြုခရီးသွား လုပ်ငန်း(CBT)များ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်နေမှုတို့နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူးက ဗဟိုကော်မတီ၏ (၁/၂ဝ၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီဝင်များ ပြောင်းလဲဖွဲ့ စည်းခြင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီများမှ ကော်မတီဝင် ခရီးသွားလုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ စရိတ်ချီးမြှင့်ငွေများ လျာထားဆောင်ရွက်မှု၊ အားကစားခရီးသွားလုပ်ငန်းဦး ဆောင်ကော်မတီနှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းဦးဆောင် ကော်မတီများဖွဲ့စည်းခြင်းနှင့်လက်ရှိ ကာလအတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ဗဟိုကော်မတီသို့တင်ပြပြီး အတည်ပြု ချက် ရယူသည်။
ထို့နောက်ဒုတိယသမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကိုနှင့် ဦးသန့်စင်မောင်တို့က နိုင်ငံခြားသားခရီးသွားများ၏ လုံခြုံရေး၊ ကျန်းမာရေး၊ ပစ္စည်းပျောက် ရှာဖွေပေးရေးနှင့် စည်းကမ်းထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေမှု၊ ကန့်သတ်နယ်မြေများတွင်ပါဝင်သည့် ခရီးစဉ်ဒေသများအား ဖြေလျှော့ပယ်ဖျက်ပေးနေမှု၊ ပထဝီအနေအထားရ၊ သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုအရထူးခြားသည့် နေရာဒေသများကို ရေးသား ထုတ်လွှင့်ပြသနေမှု၊ ဗီဇာဖြေလျှော့ဆောင်ရွက်နေမှု၊ လေကြောင်းလိုင်းခရီးစဉ်များ တိုးချဲ့ပျံသန်းနေမှု တို့နှင့် စပ်လျဉ်းပြီး ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊ ပုဂ္ဂလိကခရီးသွားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်မှု အခြေအနေနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ခရီးစဉ်ဒေသများနှင့် အထင်ကရ နေရာများအား ထိန်းသိမ်းထားရှိမှု၊ ခရီးစဉ်ဒေသများ ဖော်ထုတ်ဆောင်ရွက်မှု၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းများ၊ ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွားလုပ်ငန်းများနှင့် သဘာဝအခြေပြုခရီးသွား လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးမှု၊ အရည်အသွေးမီ ခရီးသွား ဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်နေမှု၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်းပြီး ဒုတိယသမ္မတက ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


