ရန်ကုန် ၂၆ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး သီလဝါအထူးစီးပွားရေးဇုန်ရှိ JFE MERANTI MYANMAR (JMM) စတီးအလွှာအုပ် စက်ရုံမှ ဥရောပနည်းပညာနှင့်ဂျပန်ပညာရပ်တို့ ပေါင်းစည်းထုတ်လုပ်ထားသည့် ပြည်တွင်းထုတ်သတ္တု အလွှာအုပ်စတီးများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစက်ရုံကို စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်ပြီး ဂျပန်အခြေစိုက် JFE Steel မှ ရှယ်ယာ အများဆုံးပိုင်ဆိုင်ရာ ရင်းနှီးမြုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၈၅ သန်း ရင်းနှီးမြုပ်နှံထားကြောင်း သိရသည်။
စက်ရုံကို ၂၀၁၈ ခုနှစ်ဆန်းပိုင်းတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ငန်း များ စတင်လည်ပတ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ စက်ရုံတွင် ဒေသခံဝန်ထမ်း ၃၀ဝ ကျော်အား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။ စက်ရုံကို တစ်နေ့လျှင် ၂၄ နာရီဖြင့် ၇ ရက်တာကာလလုံး လည်ပတ်နိုင်စေရန် ဒီဇိုင်းပြုလုပ်ထားပြီး စတင် လုပ်ကိုင်မည့် အလွှာအုပ်ခြင်းတွင် တစ်နှစ်လျင်စတီးတန်ချိန် ၁ သိန်း ၈ သောင်းခန့်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။
JMM ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Dr. Sebastian Langendorf က “မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍဟာ အလျင်အမြန်တိုးတက်ပြောင်းလဲနေပြီးတော့ ကြီးမားတဲ့ အလားအလာကောင်းတွေ အများကြီးရှိပါတယ်။ အဆောက်အအုံတော်တော်များများကို ဆောက်လုပ်ဖို့နဲ့ အိုဟောင်းပျက်စီးနေတဲ့ အဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းတာမျိုး၊ ဒါမှမဟုတ် အစားထိုးတာဘဲဖြစ်ဖြစ် ပြုလုပ်ဖို့လိုပါသေးတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုက်ညီသင့်တော်တဲ့ ကြာရှည်ခံသတ္တုအလွှာအုပ်စတီး ALZU ကို စတင်မိတ် ဆက်လိုက်တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ ကြာရှည်တည်တံခိုင်မြဲတဲ့ အဆောက်အအုံတွေကို ဆောက်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု စက်ရုံ၏ ထုတ်ကုန်နှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။
JFE MERANTI Myanmar Co.,Ltd ၏ ပထမဆုံးထုတ်လုပ်မည့် ပြည်တွင်းထုတ်သတ္တုအလွှာအုပ်စတီးကို ALZU အမည်ပေးထားပြီး ပြည်တွင်းပြည်ပ ဈေးကွက်နှစ်မျိုးအတွက် ရည်ရွယ်ထုတ်လုပ်ထားကာ ယခုလမှ စတင်၍ ကြိုတင်မှာယူနိုင်ပြီး ဒီဇင်ဘာလတွင် စတင်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစတီးထုတ် ကုန်အပြင် နောက်ထပ်ဆေးအလွှာအုပ်နှင့် သတ္တုအလွှာအုပ်စတီး ထုတ်ကုန်ပစ္စည်း ၃ မျိုးကို ၂၀၂၀ ပြည့်နှစ် အတွင်း ထုတ်လုပ်ဖြန့်ချိရန် စီစဉ်ထားကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - JFE MERANTI Myanmar


