နေပြည်တော်  ၂၆  စက်တင်ဘာ

 

ဖားကန့်ဒေသရှိ ရွှေ့ပြောင်း အလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။             

           

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖားကန့်ဒေသသည် တရားဥပဒေ စိုးမိုးမှုများစွာ လိုအပ်နေသဖြင့် ကြိုးစားဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ အန္တရာယ်ကင်းစွာလုပ်ကိုင်နိုင်ရန် ၂၀၁၈ ခုနှစ် အောက်တိုဘာ (၄) ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက လုပ်ငန်းအဖွဲ့အား အဖွဲ့ဝင် (၁၄) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန် (၁၁) ရပ်ချမှတ်ခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုးပြီး အန္တရာယ်ကင်းစွာ အလုပ်လုပ် ကိုင်နိုင်ကြရန် စီစဉ်ဆောင်ရွက်ပေးရန်နှင့် ဒေသခံများ၏ ဆန္ဒသဘောထားများကိုလည်း အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခင် အစည်းအဝေးဆုံးဖြတ်ချက်များကို မည်မျှဆောင်ရွက် ထားပြီးသည်ကို အောက်တိုဘာ ၂၁ ရက်တွင် ပြန်လည်တင်ပြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ယခု ထက်အောင်မြင်အောင် တက်ရောက်လာသူများမှ ပွင့်ပွင့်လင်းလင်းဆွေးနွေးရန်လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများ တောင်းဆိုသည့် အချက်များဖြစ်သော နေရပ်စွန့်ခွာပြည်သူများအား ပြန်လည် နေရာချထားရေး လုပ်ငန်းအတွက် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ National Camps Closure Strategy ကို စနစ်တကျရေးဆွဲ အတည်ပြုပြီးဖြစ်၍ တိုက်ပွဲရှောင်စခန်းများရှိ ဒေသခံများအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။                              

 

ထို့နောက် ကချင်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကား ပြောကြားသည်။

 

ယင်းနောက် လုပ်ငန်းအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲ (၆) ခု၏ ဥက္ကဋ္ဌများက ဆောင်ရွက်ပြီးစီးမှုများကို တင်ပြကြပြီး ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသည်။

 

သတင်းစဉ်