ယင်းမာပင်    ၂၇    စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်အတွင်း၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တောင်သူများမှ လယ်ယာသုံးထွန်စက်မျိုးစုံ ၁၂၄ စီးကို ဝယ်ယူအသုံးပြုခဲ့ကြကြောင်း ယင်းမာပင်ခရိုင်၊  ယင်းမာပင်မြို့နယ် အမှတ်(၄၁)စက်မှုလယ်စခန်းမှ ဦးစီးမှူး ဦးတင်မိုး၏ ပြောပြချက်အရသိရသည်။

 

တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းများတွင် လုပ်သားရှားပါးမှုကို လျှော့ချဖြေရှင်းနိုင်ရန်၊ သီးနှံများကို ထွန်ယက်ချိန်တွင် ရာသီဥတုနှင့်အညီ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ပြီး ရိတ်သိမ်းချိန်တွင် သီးနှံများကို လေလွင့်ပျက်ဆီးမှုမရှိပဲ အမိုးအကာများအောက်သို့ အချိန်မီအရောက်ပို့နိုင်ရေးနှင့် လက်မှု လယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် လယ်ယာသုံး စက်ကိရိယာများကို ဝယ်ယူအသုံးပြုလာကြောင်း သိရသည်။

 

ယခုနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် အမှတ်(၄၁) စက်မှုလယ်စခန်းနှင့် ချိတ်ဆက်၍ ရိတ်သိမ်းခြွလေ့စက်နှင့် ထွန်စက်အမျိုးအစားစုံ ၁၈ စီး၊ ဒေါင်ဖန်းလက်တွန်းထွန်စက် ၁၀၆ စီးတို့ကို တောင်သူများက ၎င်းတို့လုပ်ငန်းခွင်များအတွက် အသုံးပြုရန် ဝယ်ယူအသုံးပြုခဲ့ကြကြောင်း ယင်းမာပင်မြို့နယ် အမှတ်(၄၁) စက်မှုလယ်စခန်း၏ မှတ်တမ်းများအရ သိရသည်။

 

 

သန်းဌေးအောင်(ကနီ)