၂၇ စက်တင်ဘာ
အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားဖျက်သိမ်းရေး အလုပ်သဘော ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရန်မရှိသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက ဆိုသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပြင်ပတွင် ယင်းဆွေးနွေးပွဲ ကျင်းပဖွယ် ရှိမရှိဆိုသည်ကို အာရုံစိုက်နေကြစဉ် ယခုကဲ့သို့ မိုက်ပွန်ပီအို၏ ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ စေ့စပ်ဆွေးနွေးပွဲကို မကြာမီ ပြန်လည်စတင်တော့မည့်အရိပ်အယောင်ကို အစောပိုင်းက မြောက်ကိုရီးယားကပြသခဲ့သည်။
ယခုလကုန်ပိုင်းတွင် အလုပ်သဘော ဆွေးနွေးပွဲကျင်းပဖြစ်မည်ဟု အမေရိကန်က မျှော်လင့်သော်လည်း ဆွေးနွေးပွဲကျင်းပမည့်နေ့ကိုမူ မသိရှိသေးကြောင်း မိုက်ပွန်ပီအိုက နယူးယောက်တွင် သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် စတုတ္ထအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကျင်းပရန်ဆန္ဒရှိကြောင်း ပြသခဲ့သော်လည်း မြောက်ကိုရီးယားဘက်ကမူ အလုပ်သဘော ဆွေးနွေးပွဲကျင်းပရန် လက်ခံခြင်းမရှိသေးကြောင်းနှင့် ဒုံးကျည်များ ပစ်လွှတ်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို