မြိတ်  ၂၇   စက်တင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်း မြှင့် တင်နိုင်ရန်အတွက် တိုင်းဒေသကြီးအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို Green Eye ဟိုတယ် အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲ အထိ ကျင်းပခဲ့သည်။

 

 

အလုပ်ရုံဆွေးနွေးပွဲကို နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တည်တံ့ ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ အဖွဲ့အစည်းများအကြား အတွေ့အကြုံမျှဝေနိုင်စေရန်၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲ ပြသနာများကို ဖော်ထုတ်ရန်နှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

 

အလုပ်ရုံဆွေးနွေးပွဲတွင် နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်း တိုးမြင့်ရာတွင် ဆက်စပ်ပတ်သက်သူများနှင့် ထိတွေ့ဆက်ဆံခြင်း လုပ်ငန်း၏ အခန်းကဏ္ဍ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်း ( မြန်မာနိုင်ငံ နယ်စပ်ဖြတ်ကျော်ဒေသများတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလှမ်းများ) ကို  သစ်တောသုတေသနဌာနမှ ဦးဆောင်ဆွေးနွေးခဲ့သည်။

 

 

ထိုနောက် တနင်္သာရီတိုင်းဒေသကြီး နယ်စပ်ဖြတ်ကျော်ဒေသများတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလှမ်းများ ဖော်ထုတ်ခြင်း၊ ဆက်စပ်ပတ်သက်သူများ ခွဲထုတ်၍ မြေပုံရေးဆွဲခြင်းနှင့် ၄င်းတို့၏ အခန်း ကဏ္ဍများအား ဖော်ထုတ်ခြင်း၊ တနင်္သာရီဒေသ နယ်စပ်ဖြတ်ကျော်ဧရိယာများတွင် ဒေသခံများ၏ အသက်မွေး ဝမ်းကြောင်းကို အထောက်အပံ့ပေးရန်အတွက် ဒေသခံအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် နယ်စပ် ဖြတ်ကျော် သဘာဝအခြေခံခရီးသွားလုပ်ငန်းအား  မြှင့်တင်ခြင်းအလားအလာများကို ဖော်ထုတ်ခြင်းကို အုပ်စုဖွဲ့ ဆွေးနွေးခဲ့ကြသည်။

 

 

ဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖေချစ် က အဖွင့်အမှာ စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို စတင်ခဲ့သည်။ အလုပ်ရုံဆွေနွေးပွဲကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )