ရန်ကုန် ၂၇   စက်တင်ဘာ

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုအဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၃) ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၇-၉-၂၀၁၉ရက်(သောကြာနေ့) နံနက်(ဝ၉းဝ၀) နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့ပါသည်။ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင်တင်စိုး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမြင့်ဆွေ၊ ဝန်ထမ်းရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းဟန်၊ တက္ကသိုလ်အကြံပေးအဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ကျောင်းအုပ်ကြီး၊ ဒုတိယပါမောက္ခချုပ် (စီမံခန့်ခွဲရေး)၊ တက္ကသိုလ်သင်ကြားရေး၊ စီမံဌာနများမှ ပါမောက္ခ၊ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါမောက္ခချုပ် ဦးအောင်တင်စိုးက မိန့်ခွန်းပြောကြားရာ၌ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်စေရန် အလယ်အလတ် အဆင့်စီမံခန့်ခွဲမှု အခန်းကဏ္ဍမှ ဆောင်ရွက်နေကြသူများဖြစ်သောကြောင့် မိမိတို့၏ စီမံခန့်ခွဲအုပ်ချုပ်မှု စွမ်းရည်များနှင့် ယနေ့ခေတ်၏ ပြောင်းလဲလာသည့် နည်းပညာ၊အတတ်ပညာ ၊ဗဟုသုတများကိုလည်း အမြဲမပြတ် လေ့လာ ဆည်းပူးနေဖို့ လိုကြောင်း။

 

တက္ကသိုလ်က လေ့ကျင့်ပေးလိုက်သည့် ပညာရပ်များသည် သင်တန်းသား/သင်တန်းသူ တို့အတွက် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရာမှာ အခြေခံကောင်းများ ရရှိအောင် ပျိုးထောင်ပေးခြင်း သာဖြစ်ပြီး အရည်အချင်းပြည့်ဝ၍ စွမ်းဆောင်ရည် မြင့်မားသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် လုပ်ငန်းခွင်နှင့်ဆက်စပ်သည့် ဗဟုသုတများကို ဆက်လက်ဆည်းပူး လေ့ကျင့်သွားကြဖို့ လိုကြောင်း။

 

ဗဟိုဝန်ထမ်းတက္ကသိုလ်များအနေနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုကို ခံယူ၍ လေ့ကျင့်ပျိုးထောင်ရာမှာ ပြည်သူ့ဝန်ထမ်းတစ်ဦးစီအတွက် အဓိကစံတန်ဖိုးများဖြစ်သည့် ရိုးသားခြင်း၊ ဖြောင့်မတ်သမာဓိရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်း၊ ဘက်မလိုက်ခြင်း တို့ကို ပိုမိုကျင့်သုံးတန်ဖိုးထားတတ်စေရန်နှင့် စွမ်းဆောင်ရည်မူဘောင်၏ အခြေခံအုတ်မြစ်ဖြစ်သည့် စရိုက်လက္ခဏာ၊ ကိုယ်ကျင့်တရား၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှုတို့နှင့် ပြည့်စုံသူများ ဖြစ်လာစေရန် လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း။

 

ဝန်ထမ်းတစ်ဦး အနေဖြင့် တာဝန်ကျေပွန်ခြင်း၊ ဝန်ထမ်း ကျင့်ဝတ်များကို စောင့်ထိန်းခြင်း၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို လိုက်နာကျင့်သုံးကြရသလို နိုင်ငံသားပြည်သူတစ်ဦး အနေဖြင့်လည်း ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကိုစောင့်ထိန်း လိုက်နာရမှာ ဖြစ်ပါကြောင်း၊ ဝန်ထမ်းဘဝတွင် ချမ်းသာခြင်းကို မျှော်မှန်းခြင်းထက် တာဝန်ကျေပွန်ခြင်းနှင့် ဂုဏ်သိက္ခာမြင့်မားခြင်းတို့ကို မျှော်မှန်းပြီး လက်တွေ့ဘဝနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါကြောင်း။

 

နိုင်ငံတော်၏မူဝါဒများ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေချိန်မှာ ဝန်ထမ်းကောင်းဟူသော အသိ၊သတိစိတ်ဖြင့် စိတ်ရော ကိုယ်ပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ လိုပါကြောင်း။

 

နိုင်ငံတော်၏ စီမံအုပ်ချုပ်ရေးယန္တရားကြီး အောင်မြင်စွာ လည်ပတ်နိုင်ရေးနှင့် ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်ရေးတို့အတွက် တာဝန်ယူဆောင်ရွက် ကြရာမှာ ဝန်ထမ်းအဖွဲ့ အစည်းအပေါ် သစ္စာရှိသည့်၊ တာဝန်ယူသည့်၊ လိုလားတက်ကြွစွာနှင့် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းကောင်းများအဖြစ် ဝန်ထမ်း အဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်အောင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီ ပေးကြပါလို့  ထပ်မံတိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ပါမောက္ခချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိကြသော သင်တန်းသူ(၂)ဦးတို့အား စံပြကျောင်းသားဆု၊ စာပေထူးချွန်ဆုနှင့် စာပေဂုဏ်ထူးဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား(၄၀)ဦး ၊ သင်တန်းသူ(၂၅)ဦး၊ စုစုပေါင်း(၆၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၃-၅-၂၀၁၉ ရက်နေ့မှ ၂၇-၉-၂၀၁၉ ရက်နေ့ အထိ ရက်သတ္တ(၂၀)ပတ် ကြာမြင့်ခဲ့ ကြောင်း သိရှိရသည်။

 

(သတင်းစဉ်)