ရန်ကုန် ၂၇ စက်တင်ဘာ
တိုင်းရင်းသားလူမျိုး ၁၃၈ မျိုးတွင် ၃၁ မျိုးကို ယူနီကုဒ်ပြောင်းပြီးဖြစ်သဖြင့် စတင်အသုံးပြုနိုင်ကြောင်း စက်တင်ဘာ ၂၆ ရက်က မြန်မာယူနီကုဒ် စံစနစ်ကူးပြောင်းသုံးစွဲရေး ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးဇော်ထွဋ်က ပြောသည်။
ယူနီကုဒ် သုံးလိုက်ပြီဆိုရင် မြန်မာစာရဲ့ data process က အလိုလိုရသွားပြီ။ မြန်မာစာကိုရိုက်တဲ့ အခက်အခဲက ဖောင့်ပြောင်းပြီး ကီးဘုတ်မပြောင်းလို့ မှားနေတဲ့အခက်အခဲ တွေ့ရတယ်။ သူကကီးဘုတ်ပါပြောင်းရမယ်။ အရမ်းခက်ခဲနေရင်လည်း ပါးစပ်ကပြောလိုက် သူ့အလိုလို ရိုက်ပြီးသားထွက်လာလိမ့်မယ်။ ယူနီကုဒ်သုံးစွဲခြင်းရဲ့အားသာချက်က အများကြီးပဲ။ လက်ရှိမှာ တိုင်းရင်းသားဘာသာစကားက ၃၁ မျိုးရနေပြီ။ ပြည်ထောင်စုဖောင့်မှာတော့ ၁၉ ဘာသာ သုံးလို့ရနေပြီဟု မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးဇော်ထွဋ်က ပြောသည်။အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းနှင့်ကိုက်ညီသည့် မြန်မာယူနီကုဒ်ကို လာမည့်အောက်တိုဘာ တစ်ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တပြိုင်တည်းပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကွန်ပျူတာသုံး မြန်မာစာသုံးစွဲမှု၏ ၉၀ ရာခိုင်နှုန်းကျော်သည် မိုဘိုင်းဖုန်းကတစ်ဆင့် သုံးစွဲနေသည့်အတွက် ပြည်သူတစ်ရပ်လုံး ယူနီကုဒ်စနစ်သုံ မြန်မာစာစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန် လက်ရှိတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။မြန်မာနိုင်ငံမှာ မြန်မာယူနီကုဒ်မဟုတ်တဲ့ အခြားစာဖောင့်တွေကို နှစ်ပေါင်းကြာရှည်စွာ သုံးလာတဲ့အတွက် အများပြည်သူတွေအနေနဲ့ ဒီစနစ်နဲ့ကျင့်သားရနေတာကြောင့် မြန်မာယူနီကုဒ် စံချိန်စံညွှန်းစနစ်ကို ပြောင်းလဲအသုံးပြုရင် အခက်အခဲအနည်းငယ်ရှိကြောင်း သိရသည်။
ကျွန်တော်တို့ကတော့ ဇော်ဂျီဖောင့်ကို သုံးလို့ရတဲ့အထိ ဆက်သုံးသွားမှာ။ ဘာလို့လဲဆိုတော့ ယူနီကုဒ် သုံးရတာအဆင်မပြေဘူး။ တော်တော်များများလည်း ဇော်ဂျီပဲ ဆက်သုံးနေတာ တွေ့ရတယ်။ နောက်ဆုံးသုံးလို့မရတော့မှ ယူနီကုဒ်စနစ် ပြောင်းမယ်ဟု ပြည်သူတစ်ဦးက ၄င်း၏အမြင်ကို ပြောကြားသည်။
မြန်မာယူနီကုဒ်ဖောင့်ကို ၂၀၁၉ ခုနှစ် ဧပြီလကစတင်ပြီး အစိုးရဌာနတွေမှာ တစ်ပြေးညီ အသုံးပြုနေပေမယ့် အရပ်ဘက်အဖွဲ့အစည်း၊ အများပြည်သူတွေအနေနဲ့ ပြောင်းလဲ ကျင့်သုံးဖို့ ကျန်ရှိနေတာပါ။မြန်မာယူနီကုဒ်စနစ် ပြောင်းလဲရေးနဲ့ပတ်သက်ပြီး အများပြည်သူတွေအနေနဲ့ နည်းပညာအကူညီရယူလိုရင် Hotline နံပါတ်နဲ့ Viber နံပါတ် ဝ၉၄၅၅၇၃၆ ၉၉၉ ၊ မြန်မာယူနီကုဒ် Facebook Page ကနေ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
သူရိန်ကျော်


