နေပြည်တော် ၂၇  စက်တင်ဘာ

 

ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်း သည် စက်တင်ဘာ (၂၂) ရက်တွင် အမေရိကန် နိုင်ငံ နယူးယောက်မြို့ The University Center ၊ The New School ၌ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသော အနာဂတ်နေ့ရက်များ ရရှိရေးပုံဖော်တည်ဆောက်ခြင်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများအပေါ် ခံနိုင်ရည်ရှိပြီး လိုက်လျောညီထွေနေထိုင်နိုင်ရေးအတွက် သိပ္ပံနည်းကျဆောင် ရွက်ရမည့် လုပ်ငန်းရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအပါအဝင် အင်္ဂလန်နိုင်ငံ၊ အီဂျစ် နိုင်ငံ၊ ဖီဂျီနိုင်ငံနှင့် ဘူတန်နိုင်ငံတို့မှ ဝန်ကြီးများတက်ရောက်၍ သဘောထားအမြင်များကို ပြောကြားသည်။

 

အခမ်းအနားသို့ အစိုးရအဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သိပ္ပံအဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံကိုယ်စားလှယ်များနှင့် လူငယ်များ တက်ရောက်ခဲ့ကြသည်။

 

စက်တင်ဘာ (၂၄)ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယူးယောက်မြို့၊ Bronx Zoo တိရစ္ဆာန်ဥယျာဉ်ရှိ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society – WCS) ရုံးချုပ်သို့ရောက်ရှိရာ ဒုတိယဥက္ကဌ ဒေါက်တာ ပက်ထရစ်သောမတ်စ်နှင့် အာရှဒေသဆိုင်ရာ တာဝန်ခံဒေါက်တာ အိုင်လီခန်ထံတို့က ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး ကမ္ဘာတစ်ဝန်းလုံးရှိ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင် ဒေသခံဌာနေ တိုင်းရင်းသားများ ပူးပေါင်းပါဝင် ဆောင်ရွက်မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိရစ္ဆာန်ဥယျာဉ်အတွင်း တောရိုင်းတိရစ္ဆာန် များပြသမှုနှင့် တိရစ္ဆာန်ဆေးကုရေးဌာနတို့ကို လေ့လာကြည့်ရှုသည်။ WCS အဖွဲ့သည် မြန်မာနိုင်ငံတွင် ကျားထိန်းသိမ်းရေးလုပ်ငန်းများ၊ ဆင်နှင့်ရှားပါးသတ္တဝါများဖြစ်သည့် လိပ်၊ သင်းခွေချပ်နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးလုပ်ငန်းများကို သစ်တောဦးစီး ဌာနနှင့် ၁၉၉၄ ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ (၂၅) ရက်တွင် နယူးယောက်မြို့ Central Park Zoo တွင် ကျင်းပပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဖြေရှင်းနိုင်ရန် သဘာဝသစ်တောများ၏ အခန်းကဏ္ဍကို အလေးထားအသိအမှတ် ပြုခြင်း Nature for Climate Coalition အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြား သည်။

 

အခမ်းအနားကို သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ WCS ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ၊ Global Wildlife Conservation ၊ World Resource Institute နှင့်Rain Forest Foundation(နော်ဝေ) တို့ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး သဘာဝ သစ်တောများထိန်းသိမ်းရေး၊ ဒေသခံဌာနေတိုင်းရင်းသားများအတွက် ရေရှည်တည်တံ့ ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင် သဘာဝ သစ်တောများ၏ အရေးပါပုံအကြောင်းအရာများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

 

အခမ်းအနားသို့ WCS အဖွဲ့၏အမှုဆောင်အရာရှိ ချုပ်ဒေါက်တာခရစ်စယန်စန်ပါ၊ နော်ဝေ၊ ကော့စတာရီကာနှင့် ဂါဘွန်နိုင်ငံတို့မှ ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ နိုင်ငံ တကာပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများနှင့် ဘရာဇီးနိုင်ငံမှဒေသခံဌာနေ တိုင်းရင်းသားများ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာ(၂၇)ရက် ညနေပိုင်းတွင် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)