ဟိုပင်  ၂၇   စက်တင်ဘာ 

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အ.ထ.က (၁) တေဇခန်းမ၌ ဟိုပင်မြို့ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဟိုပင်မြို့ပညာရေးဌာနနှင့် သုခဘုံစာပေပြန့်ပွားရေးအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ၊ ကလေးစာပေပြပွဲ၊ သင်ထောက်ကူနှင့် ရှေးဟောင်း ရှားပါးစာအုပ်(သုတ/ရသ) စာအုပ် ဈေးရောင်းပွဲတော်ကို  စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ဟိုပင်မြို့ မြို့အုပ်ချုပ်ရေး ဦးခင်မောင်ကျော်၊ ဟိုပင်မြို့ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်ဗျက်ဆန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေ၊ ပညာရေး တာဝန်ခံ ကျောင်းအုပ် ဆရာမကြီး ဒေါ်မီမီချစ်ခင်နှင့် သုခဘုံစာပေပြန့်ပွားရေးအဖွဲ့မှ  ဦးညီသုတ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

ဆက်လက်၍ ဟိုပင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်နှင့် မြို့မိမြို့ဖ ဦးညီလေးတို့က အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တိုးတိုးမေက ကျောင်းနေ အရွယ် ကလေးများ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်၊ စာဖတ်စွမ်းရည်မြှင့်မားပြီး လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ မကြောက်မရွံ့ ပြောဆိုတတ်စေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် သုခဘုံစာပေပြန့်ပွားရေးအဖွဲ့မှ ဦးညီသုတက စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက် ပြောကြားပြီး အလယ်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူ ၃၁ ဦး ဝင်ရောက်ယှဉ်ပြိင်၍ ၂၈ ရက်နေ့တွင် မူလတန်းဆင့် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို လည်းကောင်း၊ ၂၉ ရက်နေ့တွင် အထက်တန်းဆင့် ပန်းချီပြိုင်ပွဲ နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ၃၀ ရက်နေ့တွင်လည်းကောင်း ကျင်းပမည် ဖြစ်ပြီး  ဟောပြောပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် သင်ထောက်ကူ၊ နာမည်ကြီးစာရေးဆရာများ၏ ရှားပါး စာအုပ်များ၊ ပန်းချီဆေးရောင်ခြယ်၊ ပဟေဠိဉာဏ်စမ်း ပုံပြင်များအပြင် သုတ၊ရသ စာအုပ်အမျိုးမျိုး စာအုပ်ပေါင်း ၁ သိန်းကျော်ကို ဆိုင်ပေါင်း ၁၈ ဆိုင်ဖြင့် ၂၇ ရက်နေ့ မှ အောက်တိုဘာ ၁  ရက်နေ့ထိ ၅ ရက်တိုင် ဈေးနှုန်းချိုသာစွာနှင့် စည်ကားသိုက်မြိုက်စွာ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

တိုးတိုးမေ-ဟိုပင်