နေပြည်တော် ၂၇ စက်တင်ဘာ
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် အလယ်အလတ် အဆင့်ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ်၊ ၁/၂၀၁၉ သင်တန်းဆင်းပွဲသို့ တက်ရောက်၍ အမှာစကားကြားခဲ့သည်။
ဒုတိယရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အချိန်အခါသည် နိုင်ငံတော်မှ တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှု ကဏ္ဍတိုးတက်ရေး အလေးထား ဆောင်ရွက်နေသည်ကို သိရှိကြပြီးဖြစ်ကြောင်း၊ ဥပဒေအရာရှိများသည် တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေးဆိုင်ရာ ကဏ္ဍတွင် အဓိကပါဝင် ဆောင်ရွက်နေသူများ ဖြစ်သောကြောင့် လုပ်ငန်း တာဝန်များ ထမ်းဆောင်သည့်နေရာ၌ ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် မျှမျှတတ ဆောင်ရွက်ကြဖို့ အလေးအနက်ထား မှာကြားလိုပါကြောင်း၊ ဥပဒေအရာရှိများ အနေဖြင့် လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် မိမိတို့၏ ရာထူးနှင့် လျော်ညီစွာ ပြုမူနေထိုင်ကြရမည့်အပြင် စိတ်ဓာတ်နဲ့ ခံယူချက်ပိုင်း တွင်လည်း မှန်ကန်ဖို့ လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သောကြောင့် နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရမည်ကို အမြဲတမ်း နှလုံးသွင်းထားကြရန် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို ရှောင်ကြဉ်ပြီး ဥပဒေနဲ့အညီ မှန်ကန်စွာ ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုပါကြောင်း၊ သင်တန်းမှရရှိသော အတွေ့ အကြုံများကို အခြေခံပြီး လုပ်ငန်းခွင်တွင် အရည်အသွေး ပြည့်ဝစွာ ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ တစ်ဦးချင်းစီ၏ အရည်အချင်းကို မြင့်မားအောင်ကြိုးစားရင်း မိမိဌာန၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ကြရမည် ဖြစ်ပါကြောင်း၊ အများပြည်သူက ယုံကြည် လေးစားသော ဥပဒေအရာရှိများဖြစ်အောင် လေ့လာလေ့ကျင့်ပြီး ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုများရရှိသည့် သင်တန်းသား/ သင်တန်းသူများ ကို ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ၊ ဆရာမများ၊ USAID မှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူ ၃၃ ဦးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။
(သတင်းစဉ်)


