ရန်ကုန် ၂၇ စက်တင်ဘာ
နိုင်ငံခြားခရီးသွားများအနေဖြင့် ပြည်တွင်း Tour Guide များကို ငှါးရမ်းမှု ရှိ/မရှိ Tour Police များဖြင့် စိစစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။
နိုင်ငံခြားခရီးသွားများအနေဖြင့် ပြည်တွင်း Tour Guide များကိုသာ ငှါးရမ်းရမည်ဟု မူဝါဒထုတ်ပြန်ထားသော်လည်း ယင်းနိုင်ငံခြားခရီးသွားများမှာ မိမိနိုင်ငံ၏ Guide များကိုသာ အသုံးပြုခြင်းကြောင့် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို ရှင်းပြရာတွင် အမှားအယွင်းများ ရှိနိုင်သည့်အပြင် ပြည်တွင်း Tour Guide များ၏ အလုပ်အကိုင်အခွင့်လမ်းများလည်း ဆုံးရှုံးလျက်ရှိသည့်အတွက် Tour Police များဖြင့် စိစစ်ရန်လိုကြောင်း ၎င်းက ဆက်ပြောသည်။
"ကျွန်မတို့မှာ Policy ကိုယ်က ထုတ်ထားပြီးသားဖြစ်ပါတယ်၊ ဒီခရီးသွား Tour မှန်သမျှက ကျွန်မတို့ ပြည်တွင်း Guide ကို ငှါးရမယ်၊ ငှါးတဲ့နေရာမှာလည်း ပြသနာတစ်ခုအနေနဲ့ ဘာတွေ့လည်းဆိုတော့ သူတို့က ငှါးတော့ ငှါးလိုက်တယ်၊ တရုတ် Tour လာတယ်၊ ငှါးတဲ့ Guide က တရုတ် Guide မဟုတ်ဘူး၊ English Guide ဖြစ်ရင်ဖြစ်နေလိမ့်မယ်၊ သူ့ကိုကျတော့ ဒီအတိုင်းဘဲ ပေးထိုင်ထားတယ်၊ ပြီးတော့ သူတို့နိုင်ငံရဲ့ Guide ကပဲ ရှင်းသွားတယ်၊ ဒီလိုပုံစံမျိုးတွေ ရှိလာတယ်၊ ရှိလာတဲ့အခါကျတော့ ဒါကို ကျွန်မတို့ စိစစ်ဖို့လိုတယ်၊ ဝင်ပေါက်တွေမှာ စိစစ်ဖို့လိုတယ်"ဟု နော်ပန်းသဉ္ဇာမျိုး က ပြောသည်။
ထို့ကြောင့် ရွှေတိဂုံဘုရား၊ ဗိုလ်တစ်ထောင်ဘုရား စသည်ဖြင့် Tour Destination များတွင် စိစစ်နိုင်ရန်အတွက် Tour Police များအနေဖြင့် Tour Guide များကို ထုတ်ပေးထားသည့် ကတ်ပြားများပေါ်ရှိ QR Code ကို ဟန်းဖုန်းဖြင့် Screen ဖတ်ကြည့်ပါက ပြည်တွင်း Tour Guide ဟုတ် မဟုတ်နှင့် မှတ်ပုံတင်ထားသော လိုင်စင်ရှိ Tour Guide ဟုတ် မဟုတ်ကို စိစစ်၍ ရကြောင်း၊ နိုင်ငံခြားခရီးသွားများအနေဖြင့် ပြည်တွင်း Tour Guide များကို ငှါးရမ်းမှု ရှိ/မရှိ Tour Police များက နည်းပညာသုံးပြီး စီစစ်နိုင်ရန်အတွက် စီစဉ်ထားပြီး လာမည့်လတွင် Tour Police များကိုလည်း သင်တန်းပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ Tour Police များဖြင့် စိစစ်ရာတွင် မူဝါဒထုတ်ပြန်ထားသည့်အတိုင်း မလိုက်နာပါကလည်း ပြည်ပ Tour Company ကို ခေါ်သွင်းခဲ့သည့် ပြည်တွင်းမှ Local Agent ကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နော်ပန်းသဉ္ဇာမျိုး က ထပ်မံပြောကြားသည်။
လက်ရှိ တရုတ်ခရီးသွားများကို Zero Budget Tourism ဟု ခေါ်ဆိုကြပြီး ယင်းကဲ့သို့ ခေါ်ဆိုခြင်းသည် တရုတ်နိုင်ငံရှိ ခရီးသွားကုမ္ပဏီများက မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများကို နေထိုင်စားသောက်စရိတ်၊ ကုန်ကျစရိတ် မယူဘဲ ပို့ဆောင်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိသည့်အခါ ယင်းတို့သတ်မှတ်ထားသည့်ဆိုင်တွင် ကျောက်စိမ်းများကို ဝယ်ယူရမည်ဟု စာချုပ်များဖြင့် လာရောက်ကြသည့် ဧည့်သည်များကြောင်း သိရသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် တရုတ်ခရီးသွားများထံမှ ငွေကြေးမရရှိခြင်းမျိုး မဟုတ်ဘဲ ခရီးသွားတစ်ဦးလျှင် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅ဝ အပြင် ခရီးသွားများကို စောင့်ကြည့်လေ့လာရေးအဖွဲ့၏ တွေ့ရှိချက်အရ တရုတ်ခရီးသွားများအနေဖြင့် တစ်ရက်အသုံးစရိတ် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၆ဝ ခန့် အသုံးပြုကြောင်း၊ ထို့ပြင် ပြည်တွင်းရှိ ခရီးသွားကုမ္ပဏီနှင့် တရုတ်နိုင်ငံရှိ တရုတ်ခရီးသွားကုမ္ပဏီတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များကို အလုံးပြတ် ငှါးရမ်းလိုက်သည့်အတွက် အဆိုပါလုပ်ငန်းရှင်များအနေဖြင့် ဝင်ငွေရရှိကာ ယင်းဝင်ငွေနှင့် ဆက်နွှယ်သည့် အခွန်များကို အစိုးရမှ ရရှိကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသွားများထဲတွင် တရုတ်နိုင်ငံက အများဆုံးဝင်ရောက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ခရီးသည် ၆၄၀ဝ၀ဝ ကျော် ဝင်ရောက်ခဲ့ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ကာလတူတွင် ခရီးသည် ၇၄၀ဝ၀ဝ ကျော် တိုးမြှင့်ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က ပြောသည်။
ယခင်က ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို ပြည်ထောင်စုအဆင့်မှ တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်သော်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ခရီးသွားဥပဒေကို ပြဋ္ဌာန်းပြီးနောက် လုပ်ပိုင်ခွင့်အာဏာကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်း၊ ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် တတ်သိပညာရှင်များလည်း အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းထားကြောင်း သိရသည်။
Nyein Nyein


