ခမောက်ကြီး ၂၇ စက်တင်ဘာ
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် unicef မှ ပေးပို့လှူဒါန်းသော တိုင်းရင်းသား (၂၅)မျိုးတို့၏ ရုပ်ပြပုံပြင်စာအုပ်များပြပွဲကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
စာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန့်လေးလေးခင်သိန်းက မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအနက် တိုင်းရင်းသားလူမျိုး (၈)မျိုးအပြင် တောင်ရိုး၊ သက္ကမ၊ ပိုးကရင်၊ ပကညောစကော၊ ဘွဲကရင်၊ လောင်ဖူးရီနာဂ၊ တအော၊ ဂုံရှမ်း၊ မော်ကင်း(ဆလုံ)၊ လေမီ(ချင်း)၊ ကိုကာ့မျိုးနွယ်စု စသည့် တိုင်းရင်းသားများရှိကြောင်း၊ ထိုတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် စာပေတို့အား ဖတ်ရှုလေ့လာနိုင်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်အတွက် ထိုစာအုပ်များနှင့် မိတ်ဆက်ပေးခြင်းဖြစ်ကြောင်း၊ သားငယ်၊ သမီးငယ်များ မိမိတို့နှစ်သက်သည့် စာအုပ်များကို ရွေးချယ်၍ တစ်ဦးချင်းပုံပြင်များ ဖတ်ခြင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူများက ၎င်းတို့နှစ်သက်ရာ စာအုပ်များအား ရွေးချယ်၍ တိုင်းရင်းသားတစ်မျိုးချင်း၏ ပုံပြင်များ ဖတ်ပြခဲ့ကြပြီး အဆိုပါပြပွဲအား ကျောင်းသား/ ကျောင်းသူများမှ သဘောကျနှစ်ခြိုက်ကြကြောင်း သတင်းရရှိသည်။
(ခမောက်ကြီး ပြန်/ဆက်)


