မြင်းမူ ၂၇ စက်တင်ဘာ
မြစ်ရေတင်စီမံကိန်းဖြင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိသော မိုးစပါး SRI စံပြစိုက်ကွင်းတွင် သမန်းနိုး/ကြားပေါင်းလိုက်ခြင်း၊ မြေသြဇာကြဲပက်ခြင်းနှင့် ဒေသခံတောင်သူများအား စိုက်ပျိုးရေးနှင့် ပတ်သက်သော နည်းပညာများ ဖြန့်ဝေပေးခြင်းကို စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပျော့ရွာကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီသန်းက မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ အပင်များ၏ လိုအပ်ချက်ဖြစ်သော ပုလဲဓာတ်မြေသြဇာနှင့် သဘာဝမြေဩဇာကို အချိုးကြအသုံးပြုခြင်း၊ စိုက်ပျိုးချိန်မှ ရင့်မှည့်ချိန်ထိ မြေသြဇာကို စနစ်တကျသုံးစွဲခြင်းဖြင့် ကုန်ကျမှုသက်သာကာ အရည်အသွေးကောင်းမွန်သော စပါးများရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပျော့ရွာကျေးရွာ ဘက်စုံသုံး အဆင့်မြင့်နည်းပညာသုံး စံပြစိုက်ကွင်း၊ ကွင်းအမှတ်(၃၆၅)ရှိ တောင်သူဦးဝင်းလှိုင်၏ မနောသုခစပါးစိုက်ကွင်းအတွင်း ဒေသခံတောင်သူများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးရဲမြင့်သိန်းနှင့် စိုက်ပျိုးရေးဝန်ထမ်းများက သမန်းနိုး/ကြားပေါင်းလိုက်ခြင်း၊ ပုလဲဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ စုပေါင်းပက်ကြဲခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
မြင်းမူမြို့နယ်အတွင်း ယခုနှစ်မိုးရာသီအတွင်း မိုးစပါး(၁၁၃၁၅)ဧက စိုက်ပျိုးအောင်မြင်လျက်ရှိကြောင်း သိရှိရသည်။ ယခုပြုလုပ်သော အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ စုစုပေါင်း(၇၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


