နေပြည်တော် ၂၇ စက်တင်ဘာ
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ်(၅၁)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမျိုးသားကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေဖြင့်၊ ဒေါက်တာအောင်သူ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များဖြစ်ကြသော ဒေါက်တာခက်အောင်၊ ဦးအယ်လ်ဖောင်းရှို၊ ဦးဆလိုင်း လျန်လွယ်၊ ဦးမြင့်မောင်၊ ဒေါက်တာလင်းထွဋ်နှင့် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးဝင်းမော်ထွန်းနှင့် ဦးစိုးအောင်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းကိုခိုင်၊ ဦးမိုးကျော်သူ၊ ဦးထွန်းထွန်းဦး၊ ဦးမြင့်ဆွေ၊ ဦးအောင်ကြည်၊ ဦးထွန်းမင်းအောင်နှင့် ဦးကျော်အေးသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လုပ်ငန်းကော်မတီ(၈)ခုနှင့် အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များဖြစ်ကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံတောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ (၁၉)ရက်တွင်ကျင်းပခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက် (၉)ချက်ချမှတ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်အားလုံးမှာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်တွင်ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၄)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၁၂) ချက် ဆောင်ရွက်ဆဲ ၂ ချက်ရှိသည်ကိုတွေ့ရပါကြောင်း၊ အဆိုပါဆောင်ရွက်ဆဲ ၂ ချက်အနက် ပထမအချက်မှာ လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရန် လိုအပ်မည့်ဘဏ္ဍာငွေများကို ပြည်ထောင်စုဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ အလိုက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အသုံးစရိတ်များတွင် ထည့်သွင်းတွက်ချက် လျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်ပြီး ဘဏ္ဍာငွေသုံးစွဲမှုအတွက် အသုံးစရိတ်များထည့်သွင်းတွက်ချက် လျာထားသတ်မှတ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်သည်ဟု သိရှိရပါကြောင်း၊ ဒုတိယအချက်မှာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (မူကြမ်း) တွင် ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို ထည့်သွင်းဆောင်ရွက်ရန် ဖြစ်ပြီးလုပ်ငန်းရှိလာပါက စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ အဆိုပါဆောင်ရွက်ဆဲလုပ်ငန်းများကို အမြန်ပြီးစီးရေးအတွက် အချိန်ကာလ သတ်မှတ်ကာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း။
ကလေးအလုပ်သမားပပျောက်ရေးသည် မျက်မှောက်ခေတ်၏ Global Issue တစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်သကဲ့သို့ အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ကာ ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်သည့်အတွက် တာဝန်ရှိသူများ၊ အဖွဲ့အစည်းများသာမက ဆက်စပ်ကဏ္ဍပေါင်းစုံမှတဆင့် လက်တွေ့ကျကျ တိကျသည့် စီမံချက်ဖြင့် အစဉ်တစိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အရေးကြီးပါကြောင်း။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အသက် ၅ နှစ်မှ ၁၇ နှစ်ကြား ကလေးသူငယ် (၂၁၈) သန်း အလုပ်လုပ်ကိုင်နေကြရာ ကျား (၈၈)သန်းနှင့် မ (၆၄)သန်း စုစုပေါင်း (၁၅၂)သန်းသည် ကလေးလုပ်သားများဖြစ်နေပြီး ၎င်းတို့ထဲမှ (၇၃) သန်းသည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေကြရသည့် ကလေးလုပ်သားများ ဖြစ်ပါကြောင်း၊ ထို့ပြင် ကလေးလုပ်သား (၁၅၂) သန်းတွင် (၇၂ ဒသမ ၁) သန်းသည် အာဖရိကနိုင်ငံ၊ (၆၂ ဒသမ ၁) သန်းသည် အာရှ ပစိဖိတ်နိုင်ငံများ၊ (၁၀ ဒသမ ၇) သန်းသည် အမေရိကန်နိုင်ငံ၊ (၁ ဒသမ ၂) သန်းသည် အာရပ်နိုင်ငံများ၊ (၅ ဒသမ ၅) သန်းသည် ဥရောပနိုင်ငံနှင့် အာရှအလယ်ပိုင်းဒေသတို့တွင်ရှိသည်ကို လေ့လာသိရှိရပါကြောင်း။
လူငယ်များနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကို ဖန်တီးရာတွင် အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့် ကလေးများသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ ထို့ပြင် ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင်လည်း ကုန်ထုတ်စွမ်းအားကို အထောက်အကူ ဖြစ်စေမည့်လူငယ်လူရွယ်နှင့် ကလေးများကို အလုပ်သမားအဖြစ် အသုံးပြုလေ့ရှိကြပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးမှုနှင့်ဆက်စပ်သည့် စိန်ခေါ်မှုများ ကြုံတွေ့နေရသော နိုင်ငံများတွင် ကလေးအလုပ်သမားများ ပိုမိုအသုံးပြုနေကြသည်ကို တွေ့ရပါကြောင်း။
၂၀၁၈ ခုနှစ်၊ နှစ်စဉ်လုပ်သားအင်အားစစ်တမ်း အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အသက်(၅)နှစ်မှ (၁၇)နှစ်အထိ ကလေးဦးရေ (၁၂ ဒသမ ၄) သန်း ရှိရာ (ဝ ဒသမ ၆) သန်းခန့်သည် အလုပ်လုပ်ကိုင်နေကြပြီး (ဝ ဒသမ ၄၂)သန်းကို ကလေးလုပ်သားများအဖြစ် တွေ့ရှိရပါကြောင်း၊ ကလေးဦးရေ (ဝ ဒသမ ၄) သန်းသည် အန္တရာယ်ရှိသည့်အလုပ်များတွင် လုပ်ကိုင်နေကြရသည့် ကလေးလုပ်သားများဖြစ်ပြီး ကလေးဦးရေ ၁၂ ဒဿမ ၄ သန်း၏ ၃၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ကလေးအလုပ်သမား ဖြစ်ကာ ၂၀ ရာခိုင်နှုန်း ကျော်သည် မြို့ပြကလေးအလုပ်သမားများ ဖြစ်နေကြသည်ကိုတွေ့ရပါကြောင်း၊ ပြည်တွင်း ကလေးအလုပ်သမားဈေးကွက်တွင် ၁၅ နှစ်မှ ၁၇ နှစ်ကြား ကလေးများသည် ကလေးအလုပ်သမားအဖြစ် အများဆုံးအလုပ် လုပ်ကိုင်နေကြရပြီး အများစုသည် မူလတန်း ပညာအရည်အချင်း အဆင့်သာ သင်ကြားခဲ့ရသည်ကို လေ့လာတွေ့ရှိ ရပါကြောင်း။
ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသကဲ့သို့ ပြည်တွင်း ပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနှင့် ရွှေ့ပြောင်းနေထိုင်မှုများ၊ ရာသီဥတုပြောင်းလဲခြင်း အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေး အန္တရာယ်များ၊ စားနပ်ရိက္ခာမဖူလုံမှုများနှင့် လူမှုစီးပွားဘဝ အကြပ်အတည်းများသည် ကလေးများကို ပညာဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ဘဲ ကလေးအလုပ်သမားအဖြစ် တွန်းပို့သည့် အခြေခံအကြောင်းအရာများ ဖြစ်ပါကြောင်း၊ အဆိုပါအကြောင်းအရာများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ခက်ခဲကြာရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် အထူးအလေးထား ဖြေရှင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ကလေးအလုပ်သမားအများစုသည် ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ခွင့်မရရှိမှုနှင့် မိသားစုကို ထောက်ပံ့ပေးလိုမှုတို့အတွက် စားသောက်ဆိုင်များ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများနှင့် အိမ်အကူလုပ်ငန်းများတွင် လုပ်ကိုင်နေကြရပြီး အဆိုပါ လုပ်ငန်းခွင်များမှ ကလေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် နိုင်ငံတကာ ထောက်ပြမှုများ ရှိသော်လည်း ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ကာ ရေရှည်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
အဓိကအနေဖြင့် “ကုန်သွယ်မှုအထူးအခွင့်အရေး” (Generalized System of Preferences – GSP)ပေးသည့် ကိစ္စရပ်များတွင် Child Labour Issue သည် အတိုင်းအတာတစ်ခုအထိ ရိုက်ခတ်မှုရှိသကဲ့သို့ “ကုန်သွယ်မှုအထူးအခွင့်အရေး”သည် နိုင်ငံတော်အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အထောက်အပံ့တစ်ခုလည်း ဖြစ်ပါကြောင်း။
ကလေးအလုပ်သမားများ လျှော့ချရေးလုပ်ဆောင်ရာတွင် ၎င်းတို့ကို လုပ်ငန်းခွင်မှ ရှာဖွေဖော်ထုတ်ဖယ်ရှားပစ်ရုံဖြင့် ကလေးအလုပ်သမားများပပျောက်ရန် မဖြစ်နိုင်သည့်အတွက် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေး အကောင်အထည်ဖော်ရာတွင် “ကျောင်းနေအရွယ် ကလေးအားလုံး အခမဲ့ပညာသင်ကြားနိုင်ရေး၊ ကလေးသူငယ်များအား ကူညီစောင့်ရှောက်ပေးမည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပိုမိုများပြားလာရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပြည်သူများအား ဗဟုသုတမျှဝေကာ ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ရေး စိတ်ဓာတ်များကိန်းအောင်းလာရန် အလေးထားဆောင်ရွက်ရေး” တို့ကိုလည်း ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှသာ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ လုပ်ငန်းခွင်အတွင်း လျော့ပါးသွားမည် ဖြစ်ပါကြောင်း။
ထို့ပြင် ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေးအတွက် “ခိုင်မာတိကျသည့် အခြေခံအချက်အလက်များ ကောက်ယူခြင်း၊ အသိပညာပေးခြင်း (Awareness)နှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မ ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များရရှိစေခြင်း” စသည့် ရည်မှန်းချက်များ ထားရှိဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် “စက်မှုကုန်ထုတ်ကဏ္ဍ” နှင့် “စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ” တို့ကို ဦးစားပေး ဆောင်ရွက်သွားရန်လိုအပ်မည် ဖြစ်ပါကြောင်း။
ကလေးအလုပ်သမားပပျောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုအနက် ကနဦး ဦးစားပေး စီမံကိန်းနယ်မြေများအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ကိုသတ်မှတ်ပြီး ၎င်းဒေသများရှိ ကလေးများအတွက် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ ၎င်းတို့၏ မိသားစုအခြေအနေများ၊ ဆင်းရဲနွမ်းပါးမှု အခြေအနေများအပေါ် ထည့်သွင်းစဉ်းစားကာ မိမိတို့ဒေသအတွင်း ကလေးအလုပ်သမားပပျောက်ရေးအတွက် စတင်လုပ်ဆောင်နိုင်မည့် လုပ်ငန်းများကို ဦးစားပေးအလိုက် သတ်မှတ်ကာ လုပ်ငန်းကော်မတီများ၊ အဓိကမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီ(၈)ခုနှင့် “အမျိုးသားကော်မတီအတွင်းရေးမှူးအဖွဲ့”တို့မှ ဥက္ကဋ္ဌများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစီမံများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ပဏာမရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီတွဲဖက်အတွင်းရေးမှူး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းကော်မတီ (၈) ခုဖွဲ့စည်းထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီ (၈)ခုမှ ဥက္ကဋ္ဌများဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း ပညာလုပ်ငန်းကော်မတီဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ဥပဒေရေးရာ လုပ်ငန်းကော်မတီဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီဆိုင်ရာ ကိစ္စရပ်များနှင့် ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်း ကော်မတီဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်တို့က မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ ကာလတိုပထမ(၅)နှစ် စီမံချက်ပါလုပ်ငန်းများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အမျိုးသားကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးသိန်းဆွေနှင့် နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဝန်ကြီးချုပ်များဖြစ်ကြသည့် ဒေါက်တာခက်အောင်၊ ဦးအယ်လ်ဖောင်းရှို၊ ဦးမြင့်မောင်နှင့် ဦးလင်းထွဋ်၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်တို့က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် စိန်ခေါ်မှုများနှင့် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူလူထုအတွင်း အသိပညာပေးရေးဆိုင်ရာကိစ္စရပ်များ၊ တိကျမှန်ကန်သည့် ကလေးအလုပ်သမားစာရင်း ကောက်ယူနိုင်ရေး၊ ကလေးအလုပ်သမားများ လျော့ချနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေး၊ အရည်အသွေးရှိသည့် သက်မွေးပညာများနှင့် ကျွမ်းကျင်ပညာများသင်ယူနိုင်ရေး၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)ပါပြဋ္ဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးသူငယ်များအား ခိုင်းစေခြင်းမှ ကာကွယ်တားဆီးနိုင်ရေးလုပ်ငန်းများ၊ ရန်ပုံငွေဆိုင်ရာကိစ္စရပ်များ၊ လူကုန်ကူးမှု ကာကွယ်တားဆီးနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကလေးလုပ်သား အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများလည်းကောင်း၊ “မြန်မာနိုင်ငံ တောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်’’ မှအထွေထွေအတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက ကလေးအလုပ်သမား ပပျောက်ရေးဇုန်နယ်မြေများသတ်မှတ်၍ သတ်မှတ်ကာလ အပြီးဆောင်ရွက်နိုင်ရေးတို့ကို အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက မြန်မာနိုင်ငံကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင်ဆုံဖြတ်ရန် အချက်(၁၂)ချက်ကို ရှင်းလင်းတင်ပြ အတည်ပြုချက်ရယူသည်။
ထို့နောက် ဒုတိယသမ္မတက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


