နေပြည်တော် ၂၈  စက်တင်ဘာ

ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း စက်တင်ဘာ ၂၆ ရက်တွင် အီးယူနှင့်အိုအိုင်စီမှ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားတိုင်းရင်းသား လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် ပူးတွဲတင်သွင်းသည့် ဆုံးဖြတ်ချက် အဆိုမူကြမ်းအပေါ် မြန်မာနိုင်ငံက ပြတ်သားစွာ ပယ်ချခဲ့သည်။

အဆိုမူကြမ်းကို ဆုံးဖြတ်ခြင်းမပြုမီ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အဆိုမူကြမ်းအား မြန်မာနိုင်ငံက လက်မခံသည့်အကြောင်းရင်းများအနက် အဓိကအချက်အချို့ကို အောက်ပါအတိုင်း ပြောကြားခဲ့သည်-

- “မူ”အရ မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ရွေးချယ်ချမှတ်သည့် ဆုံးဖြတ်ချက်မှန်သမျှကို ကန့်ကွက်ကြောင်း၊ ယင်းသည် နိုင်ငံတစ်နိုင်ငံအား အလွန်အကျွံဖိအားပေးရန် နိုင်ငံရေးအရ ကြိုးပမ်းမှုတစ်ရပ် ဖြစ်ကြောင်း။

- ဆုံးဖြတ်ချက်အဆိုသည် မစ္စယန်ဟီးလီ၏ မမျှတသည့် ယူဆချက်များနှင့် FFM ၏ မမှန်ကန်သော တစ်ဖက်သတ်ဆန်သည့် အစီရင်ခံစာပါ အချက်များကို တရားဝင်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ထားကြောင်း၊ မစ္စယန်ဟီးလီနှင့် FFM တို့သည် မြန်မာအစိုးရအပြင် ပုဂ္ဂလိကကဏ္ဍနှင့် လူသားချင်းစာနာမှုအဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို အဆိုးမြင်စွာဆန့်ကျင်ရေးသားထားကြောင်း။

- အချို့စာပိုဒ်များသည် တစ်ဖက်သတ်ဆန်နေပြီး၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူ့အခွင့်အရေးကောင်စီမှ ဆောင်ရွက်နေသည့် ကိစ္စရပ်များအပေါ် ထပ်တလဲလဲ ပိုမိုအရေးယူစေရန်၊ အစဉ်အလာမရှိသည့် စောင့်ကြည့် စစ်ဆေးမှုများပြုလုပ်ရန်နှင့် နိုင်ငံတကာဖိအား ပိုမိုကြီးမားစေရန် ရည်ရွယ်ရေးသားထားကြောင်း။

- အဆိုမူကြမ်းတွင် စွပ်စွဲချက်များ၊ မှားယွင်းသည့် ယူဆချက်များပေါ်တွင် အခြေခံထားသည့် အချက်အလက်ပိုင်း မှားယွင်းနေသော စာပိုဒ်များစွာ ပါရှိနေကြောင်း၊ ဥပမာတစ်ခုပေးရမည်ဆိုပါက လွတ်လပ်စွာကိုးကွယ်ခွင့်ကိစ္စဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် ယုံကြည်ခွင့်ကို ဥပဒေအရ ပြဋ္ဌာန်းထားသည့်အပြင် အကာအကွယ်ပေးရန် ပါရှိကြောင်း။

- အဆိုမူကြမ်း၏ ခေါင်းစဉ်တွင် အခြားတိုင်းရင်းသားလူနည်းစုများဟု ထည့်သွင်းဖော်ပြထားသော်လည်း ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းတစ်ခုတည်းကိုသာ အဓိကအသားပေးထားသည်ကို တွေ့ရကြောင်း၊ အသိုက်အဝန်းတစ်ခုတည်း၏ အသံကိုသာ လူ့အခွင့်အရေးကောင်စီမှ နားထောင်နေကြောင်း၊ လူ့အခွင့်အရေးကောင်စီသို့ ရောက်လာနိုင်ခြင်းမရှိသည့် အသံများကိုလည်း နားထောင်သင့်ပါကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံရှိ ဟိန္ဒူဘာသာဝင်များက အာဆာအကြမ်းဖက်သမားများ၏ အစုအပြုံလိုက် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် ဟိန္ဒူဘာသာဝင်တစ်ရာကျော်အတွက် နှစ်နှစ်ပြည့် ဆုတောင်းမေတ္တာပို့သခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း၊ ကော့ခ်ဘဇားဒုက္ခသည် စခန်းတွင် သောင်တင်နေသည့် ၎င်းတို့၏ ဆွေမျိုးများနှင့် မိတ်ဆွေများအတွက် စိုးရိမ်ပူပန်ကြောင်းကိုလည်း ဖော်ပြခဲ့ကြကြောင်း၊ ၎င်းတို့ ကြုံတွေ့နေရသည့်ဆင်းရဲဒုက္ခနှင့် နေရပ်ပြန်လာလိုသည့် တောင်းဆိုမှုအပေါ် အားလုံးမှ တိတ်ဆိတ်မနေသင့်ကြောင်း။

- အဆိုမူကြမ်း၏ ဆိုလိုရင်းအသွားအလာသည် မြန်မာနိုင်ငံ၏ အချုပ်အခြာကို လုံးဝအလေးမထားကြောင်း၊ ဥပမာအားဖြင့် နိုင်ငံသားဖြစ်မှုသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ လုပ်ပိုင်ခွင့်အာဏာဖြစ်ကြောင်း၊ အခြားနိုင်ငံများအားလုံးနည်းတူ မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့် မရရှိနိုင်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်သည် မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် ကျင့်သုံးနေခြင်းဖြစ်ကြောင်း။

- လှူအခွင့်အရေးအတွက် အမှန်တကယ်စိုးရိမ်ပူပန်မှုနှင့် နိုင်ငံရေးသက်ဝင်မှုအကြား ကွဲပြားချက်ကို ကောင်းစွာသိရှိကြောင်း၊ သို့ဖြစ်၍ အဆိုမူကြမ်းပါ တာဝန်ခံမှု တာဝန်ယူမှုကိစ္စနှင့် ပတ်သက်၍ ဝင်ရောက် ထိပါးစွက်ဖက်သည့် စာပိုဒ်များအား ပြင်းထန်စွာပယ်ချကြောင်း၊ တာဝန်ခံမှု တာဝန်ယူမှုအပိုင်းတွင် မြန်မာနိုင်ငံသည် “ကိုင်တွယ်ဖြေရှင်းရန်ဆန္ဒ” နှင့် “ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း” တို့ ရှိသည့်အပြင် ပြည်တွင်းယန္တရားများဖြင့် ကိုင်တွယ်ဖြေရှင်းလျက်ရှိကြောင်း။

အမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် မူများအား လိုက်နာရန် လိုအပ်ကြောင်းနှင့် ကိုယ်ကျိုးစီးပွားနှင့် နိုင်ငံရေး ရည်မှန်းချက်အတွက် လူ့အခွင့်အရေးကောင်စီ အပါအဝင် မည်သည့်ယန္တရားကိုမဆို အသုံးချခြင်းမျိုး မပြုသင့်ကြောင်း ပြောကြားခဲ့ပြီး ယခုကဲ့သို့ တရားမျှတမှုမရှိဘဲ နိုင်ငံရေးသဘောများစွာသက်ဝင်သည့် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအပေါ် ချည်နှောင်မှုမရှိကြောင်း အလေးအနက် ပြောကြားခဲ့သည်။

ထို့ပြင် လက်တွေ့အကျိုးသက်ရောက်စေမည့် စစ်မှန်သောစိတ်ရင်းဖြင့် အပြုသဘောဆောင်သည့် ချဉ်းကပ်မှု၊ အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှု၊ လက်တွေ့ကျသည့် ပံ့ပိုးမှုတို့ကိုသာပြုလုပ်ရန် တိုက်တွန်းကြောင်း၊ မကောင်းသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးသက်ဝင်သည့် ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် တိုးတက်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် အကျိုးမပြုကြောင်း၊ မြန်မာနိုင်ငံအပေါ် နိုင်ထက်စီးနင်း ဒဏ်ခတ်အရေးယူမှုများနှင့် လွန်ကဲသည့် နိုင်ငံရေးဖိအားများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လျှောက်လှမ်းနေသည့် လမ်းကြောင်းတွင် အခက်အခဲဖြစ်စေကြောင်း ပြောကြားခဲ့ပြီးနောက် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်များ အနေဖြင့် မူအရလည်းကောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအား ကူညီပံ့ပိုးသည့်အနေဖြင့်လည်းကောင်း အဆိုမူကြမ်းအား ကန့်ကွက်မဲပေးရန် တောင်းဆိုခဲ့သည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့က အဆိုမူကြမ်းကို မဲခွဲပေးရန် တောင်းဆိုခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ရပ်တည်၍ ကန့်ကွက်မဲပေးခဲ့သည်။ ၎င်းက နေရပ်စွန့်ခွာသူများ လက်ခံရေးအပါအဝင် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး အဆိုမူကြမ်းချမှတ်ခြင်းသည် မြန်မာနိုင်ငံရှိ ပြဿနာကို ဖြေရှင်းရန် အထောက်အကူမပြုကြောင်း၊ အဆိုမူကြမ်းသည် သက်ဆိုင်ရာနိုင်ငံ၏ သဘောထားကို မထင်ဟပ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ ဖိလစ်ပိုင်ကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ mandate များစွာပေးထားပြီး ယင်းအတွက် ငွေအမြောက်အမြား သုံးစွဲနေခြင်းတို့သည် မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေအပေါ် ကောင်းမွန်သည့် တိုးတက်မှုကို မဖြစ်ပေါ်စေခဲ့ကြောင်း ထောက်ပြပြောဆိုခဲ့ပြီး ကန့်ကွက်မဲပေးခဲ့သည်။ ဂျပန် ကိုယ်စားလှယ်က အဆိုမူကြမ်းအား သေချာစွာစိစစ်နိုင်ရန် အချိန်မပေးခဲ့ခြင်းကို စိတ်ပျက်ကြောင်း၊ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း၊ ဂျပန်နိုင်ငံ၏ အကြံပြုချက်များကို ထည့်သွင်းထားခြင်းမရှိကြောင်း ထောက်ပြပြောဆိုခဲ့ပြီး ကြားနေမဲပေးခဲ့သည်။

ထို့နောက် အဆိုမူကြမ်းအား အဖွဲ့ဝင် (၄၇) နိုင်ငံပါဝင်သည့် လူ့အခွင့်အရေးကောင်စီတွင် မဲခွဲခဲ့ရာ၌ ထောက်ခံမဲ (၃၇) မဲ၊ ကန့်ကွက်မဲ (၂)မဲ၊ ကြားနေမဲ (၇) မဲ ဖြင့် အတည်ပြုခဲ့သည်။ တရုတ်နှင့် ဖိလစ်ပိုင်တို့က မြန်မာနိုင်ငံဘက်မှ ရပ်တည်လျက် အဆိုမူကြမ်းအား ကန့်ကွက်မဲပေးခဲ့ကြပြီး၊ အင်ဂိုလာ၊ ကမ်မရွန်း၊ ကွန်ဂို ဒီမိုကရက်တစ်ရီပတ်ဘလစ်၊ အိန္ဒိယ၊ ဂျပန်၊ နီပေါ၊ ယူကရိန်းနိုင်ငံတို့က အီးယူနှင့် အိုအိုင်စီ၏ အဆိုမူကြမ်းအား ထောက်ခံခြင်းမပြုဘဲ ကြားနေမဲပေးခဲ့ကြသည်။ ကျူးဘားက မဲပေးမှုတွင် ပါဝင်ခြင်းမပြုဘဲနေခဲ့သည်။

သတင်းစဉ်