အန်ကာရာ ၂၈ စက်တင်ဘာ
အမေရိကန်က အီရန်နိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေလင့်ကစား တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန်က အန်ကာရာအနေဖြင့် အီရန်နိုင်ငံမှ ဆီ(ရေနံ)နှင့် သဘာဝ ဓာတ်ငွေ့များကို ဆက်လက် ဝယ်ယူသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်က ကတိပြုပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စုသည် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူစာချုပ်မှ နုတ်ထွက်ပြီးနောက် အီရန်နိုင်ငံအား အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။ အီရန်၏ စွမ်းအင်စီးပွားရေးကို သုညအထိ ကျဆင်းစေရန်အတွက် ထိုသို့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။
“အီရန်နဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ဆိုတာ မိမိတို့အတွက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ သူတို့ထဲက သဘာဝဓာတ်ငွေ့တွေကို ဆက်လက်ပြီးဝယ်ရဦးမှာပါ”ဟု အာဒိုဂန်က နယူးယောက်မှ မထွက်ခွာခင် တူရကီ သတင်းထောက်များကို ပြောကြားလိုက်သည်။ အာဒိုဂန်သည် နယူးယောက်တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ခဲ့သည်။
ယခုလို အာဒိုဂန်က ကတိပြုပြောကြားခဲ့သော်လည်း တကယ်တမ်းတွင်အီရန်ကို အမေရိကန်က အရေးယူပိတ်ဆို့ သည့် ဂယက်ကြောင့်အီရန်ထံမှဆီ (ရေနံ) များဝယ်ယူရာတွင် အခက်အခဲဖြစ်လျက်ရှိကြောင်း သိရသည်။
သို့သော်လည်း အခုကိစ္စအပါအဝင် အခြားကိစ္စရပ်များတွင်လည်း မိမိတို့အနေဖြင့် အီရန်နှင့် ဆက်လက်ဆက်သွယ် ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က ကတိပေးပြောကြားခဲ့သည်။ ထို့အပြင် အီရန်နှင့် ကုန်သွယ်ရေးတွင် ထုထည်ကြီးမားများပြားအောင်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့အပြင် အာဒိုဂန်က အမေရိကန်၏ အရေးယူပိတ်ဆို့မှု များနှင့်ပတ်သက်ပြီး ယခင်က ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ယခုလို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြင့် ဘာမှရမည် မဟုတ်ကြောင်းလည်း ပြောကြားလိုက်သည်။
တူရကီသည် ရှစ်နှစ်ထဲဝင်ရောက်လာပြီဖြစ်သည့် ဆီးရီးယား ပဋိပက္ခကို ဖြေရှင်းရန် အီရန်နှင့်အတူ ရုရှားနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
အေအက်ဖ်ပီ