ကလေး ၂၈ စက်တင်ဘာ    

စက်တင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကျောင်းများနို့တိုက်ကျွေးရေးနေ့(World School Milk Day) အထိမ်းအမှတ်နှင့် စက်တင်ဘာ၂၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့ (World Rabies Day)အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်/ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကလေးမြို့နယ် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးလှမျိုးနိုင်၊ ဦးကျော်သူတို့ပူးပေါင်းစီစဉ်၍ ကလေးမြို့နယ် ထောက်ကြန့် ကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူ ၅၈၄ ဦးတို့အား အာဟာရဖြစ်နို့နှင့် ကြက်ဥများ တိုက်ကျွေးခြင်းကို စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အာဟာရဖြစ်တိုက်ကျွေးခြင်းတွင် ကလေးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်ဝင်းက အမှာစကားပြောကြားပြီးကလေးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးဒေါက်တာမှိန်းထန်းဇီးက နွားနို့သောက်သုံးခြင်း၏အကျိုးကျေးဇူးများ၊ အစာအာဟာရ များမျှတစွာစားသုံးခြင်း၊ ကျောင်းပြင်ပစာအုပ်စာပေများလေ့လာ ဖတ်ကြားရေးနှင့် ကာယအားကစားလေ့ကျင့်ရေးများလိုက်စားကြရန်တို့ကို အသိပညာပေးဟောပြောသည်။

အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အလှူရှင်ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ မိဘများ တက်ရောက်ကြရာ ကျောင်းသားကျောင်းသူများအားခွေးရူးရောဂါအကြောင်း အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပြီးနောက်ကြက်ဥနှင့် နို့ဘူးများ ပေးဝေတိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ချင်းတွင်းသား