မူဆယ် ၂၈ စက်တင်ဘာ
(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်နှစ်နိုင်ငံချစ်ကြည်ရေးပွဲတော်ကျင်းပမည့် အောက်တိုဘာ ၂ ရက်နေ့တွင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးတောင်တက်စက်ဘီးပြိုင်ပွဲ ကျင်းပမည်ဖြစ်ပြီး အောက်တိုဘာ ၂ ရက်နေ့ နံနက် ၆ နာရီအချိန်မှ နံနက် ၉ နာရီအချိန်ထိ မူဆယ်မြို့တွင်းရှိ ကားလမ်းတစ်ချို့ အချိန်ပိုင်းခေတ္တပိတ်ထားမည်ဟု သိရသည်။
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ မြန်မာနိုင်ငံ၊ မူဆယ်မြိုတွင်းသို့ နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးတောင်တက် စက်ဘီးပြိုင်ပွဲယှဉ်ပြိုင်ကြစဉ် ပြိုင်ပွဲဝင်စက်ဘီးသမားများ ဆင်ပြေချောမွေ့စေရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် အချိန်ပိုင်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။ “တရုတ်နိုင်ငံ၊ ရွှေလီမြို့ကနေစတင် ယှဉ်ပြိုင်ထွက်ခွာလာကြပြီဆိုတာနဲ့ မူဆယ်မြို့တွင်းပိုင်းကို ဖြတ်သန်းမယ့် ကားလမ်းတစ်ချို့ကို အချိန်ပိုင်းခေတ္တပိတ်ထားမှာဖြစ်ပါတယ်၊ မနှစ်တုန်းက အတွေ့အကြုံအရဆိုရင် အများဆုံး တစ်နာရီလောက်ပဲကြာပါတယ်၊ သတ်မှတ်ထားတဲ့လမ်းတွေ ဖြတ်သွားပြီးတဲ့နောက် ယာဉ်တွေကို စနစ်တစ်ကျ ပြန်လွှတ်ပါမယ်”လို့ မူဆယ်ခရိုင်၊ အမှတ်(၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ဒုတိယရဲမှူးချစ်စိန်က ကားလမ်းများခေတ္တ ပိတ်ထားမည့်အကြောင်းကို ပြောကြားသည်။
တောင်တက်စက်ဘီးစီးပြိုင်ပွဲသမာများသည် နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)မှ ဝင်ရောက်လာစဉ်တွင် မူဆယ်မြို့၊ ပြည်ထောင်စုကားလမ်းမကြီး၊ တွင်းစတားဟော်တယ်ရှေ့မှ ရထိုက်လမ်းဆုံ (Power 5) ကားဂိတ်လမ်းဆုံအထိ၊ မူဆယ်မြို့၊ မြို့ရှောင်လမ်းတစ်လျှောက်၊ ပြည်ထောင်စုလမ်းမကြီး သစ်တောရုံးမှ သိန်းသန်းချီမီးပွိုင့်အထိ၊ သိန်းသန်းချီအဝေးပြေးကားကြီးကွင်းမှ တော်ရွက်အိမ်ယာ-မင်္ဂလာမူဆယ်လမ်းတစ်လျှောက်နှင့် နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် ဆင်ဖြူဂိတ်အထိ အချိန်ပိုင်းခေတ္တပိတ်ထားမည်ဟုသိရသည်။ နှစ်နိုင်ငံချစ်ကြည်ရေးဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးပွဲတော်ကို (၁၉)ကြိမ်မြောက်အထိ ကျင်းပလာခဲ့ပြီဖြစ်ပြီး နိုင်ငံတကာ စိတ်ဝင်စားသည့် ပွဲတော်ဖြစ်ပါသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


