ပင်လည်ဘူး   ၂၈  စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့နယ် တောင်ဒွန်းအုပ်စု ကျော်ရွာကြီးကျေးရွာ၌ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး (NEP  Phase -1) စီမံကိန်းဖြင့် ဆောင်ရွက်သော ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အဆိုပါကျေးရွာရှိ လျှပ်စစ်ဓာတ်အား ထရန်စဖော်မာရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကျော်ရွာကြီးကျေးရွာ ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးအား  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးခိုင်လင်းနိုင်၊ မြို့နယ်လျှပ်စစ်မှူး ဦးစန်းအောင်၊ ကျော်ရွာကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဖေနှင့်ကျေးရွာမှ မီးလင်းရေးကော်မတီ ဦးညိုဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားအား ကျော်ရွာကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်တို့က ၂၄ နာရီ ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားပေးကြပြီး မြို့နယ်လျှပ်စစ်မှူး ဦးစန်းအောင်က လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်၍ လျှပ်စစ်မီးအသုံးပြုရာတွင်  သတိပြုရမည့်အချက်များ၊  ရှောင်ရန် ဆောင်ရန်များအား အသိပညာပေးပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဖေက ကျေးဇူးတင် ဝမ်းသာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့နယ်တွင် ကျေးရွာပေါင်း ၂၆၆ ရွာရှိပြီး  ကျေးရွာ ၇၂ မီးလင်းပြီဖြစ်ကြောင်း၊ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး (NEP  Phase -1) စီမံကိန်းဖြင့် ၂၄ နာရီ ကျေးရွာ လျှပ်စစ်မီးရရှိရေး ကျေးရွာ ၁၉ ရွာ ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၆ ရွာမီးရရှိပြီဖြစ်ကြောင်း၊  ကျော်ရွာကြီးကျေးရွာတွင်  အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး (NEP  Phase -1) စီမံကိန်းဖြင့် ဆောင်ရွက်သော တတိယမြောက်ကျေးရွာ ၂၄ နာရီ ကျေးရွာလျှပ်စစ်မီးဖွင့်လှစ်ခြင်းဖြစ်သည်။  ကျော်ရွာကြီးကျေးရွာတွင် အိမ်ခြေ ၁၀၅ အိမ် ရှိပြီး  လမ်းပမ်း ဆက်သွယ်ရေးလည်းကောင်းမွန်ကာ ၂၄ နာရီ ကျေးရွာ လျှပ်စစ်မီးလည်းရရှိပြီ ဖြစ်သည့်အတွက် ကျေးရွာပြည်သူများ လျှပ်စစ် မီးအား အကျိုးရှိစွာ အသုံးပြုနိုင်ပြီဖြစ်ပြီး ကျေးရွာပြည်သူများ၏ လူနေမှုဘဝ ယခင်ထက် ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်သည်။

 

မျိုးလွင်(ပင်လည်ဘူး)