ဖယ်ခုံ   ၂၈    စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ကိုလတ်က ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကင်းစင်ဖို့ ကာကွယ်ဆေးကိုထိုးကြစို့ ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးရာတွင် ခွေးရူးရောဂါသည် ဗိုင်းရပ်ကြောင့်ဖြစ်သော လူနှင့်တိရစ္ဆာန် တို့၏အသက်ကို သေစေနိုင်သည့်ရောဂါဖြစ်ကြောင်း၊ ခွေး၊ ကြောင်၊ မြွေပါ၊ ခွေးအနှင့် မြေခွေးတို့တွင် ကူးစက်ပြန့်ပွားလေ့ရှိကြောင်း၊ ရောဂါရှိသောခွေးမှတဆင့် အများဆုံးကူးစက်ခံရပြီး အသက်ဆုံးရှုံးနိုင်သဖြင့် ကြိုတင်ကာကွယ်ဆေးထိုးရန်လိုအပ်ကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးသည်။

 

“ဒီနေမနက် ၇ နာရီကနေ ညနေ ၇ နာရီထိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှာ ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ ထိုးပေးမှာဖြစ်ပါတယ်။ မိမိအိမ်မှာမွေးမြူထားတဲ့ ခွေးတွေ ကြောင်တွေကို ခွေးရူးရောဂါကာကွယ်ဆေး မဖြစ်မနေထိုးပေးဖို့လိုအပ်ပါတယ်လို့”  မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ကိုလတ်က ပြောကြားသည်။

 

ဟောပြောပွဲအခမ်းအနားအပြီးတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ အိမ်မွေးခွေးများကို ခွေးရူးရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံလျှက်ရှိကြောင်း သိရှိရသည်။

 

ဟောပြောပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ကြောင်း သတင်းရရှိသည်။

 

ကိုထွေး(ဖယ်ခုံ)