ပန်ဆောင် ၂၈ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့် ယာဉ်အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်က ပန်ဆောင်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပသည်။
နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးကမ်းရိမ်က အဖွင့်အမှာစကားပြော ကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှက “မူးယစ်ဆေးဝါးနှင့်ယာဉ်အန္တရာယ်တားဆီး ကာကွယ်ရေးစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေပါကြောင်းနှင့် မူခင်းကျဆင်းရေးစီမံချက်သည်လည်း အများနှင့်ဆိုင်သောကိစ္စဖြစ်သောကြောင့် ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ ပန်ဆောင်မြို့နယ် ရဲအုပ်ဦးသိန်းဇော်က မူးယစ်ဆေးဝါးနှင့် ယာဉ်အန္တရာယ် ကြိုတင်ကာကွယ်ရေး မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ရန် မြို့နယ်အဆင့် စီမံချက်များကို အသိပညာပေး ရှင်းလင်းပြောကြားသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


